The network connection is lost.

Banner Image

ဂျိုတာရဲ့ ဈာပနကို မတက်ရောက်ခဲ့တဲ့အပေါ် ရော်နယ်ဒိုရဲ့အစ်မ ကာကွယ်ပြောကြား

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မဖြစ်သူ ကာတီယာအဗေရိုက ပေါ်တူဂီအသင်းဖော် ဒီယေဂို ဂျိုတာရဲ့ဈာပနကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရော်နယ်ဒိုအပေါ် ခုခံကာကွယ်ပြောကြားခဲ့ပါတယ်။ 

ဂျိုတာဟာ အစ်ကိုဖြစ်သူ အန်ဒရေနဲ့အတူ ကြာသပတေးနေ့မှာ ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး ဝမ်းနည်းဖွယ် ကွယ်လွန်ခဲ့ပါတယ်။ ဈာပနအခမ်းအနားကို ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့အနီးက ဂွန်ဒိုမာမှာ မနေ့က ပြုလုပ်ခဲ့တာပါ။ ဂျိုတာရဲ့ လီဗာပူးအသင်းနဲ့ ပေါ်တူဂီက မိတ်ဆွေတွေဖြစ်တဲ့ အန်းစလော့၊ ဗာဂျီဗန်ဒိုက်၊ ဘရူနိုဖာနန်ဒက်စ်၊ ရူဘင်ဒီယက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့အပါအဝင် တော်တော်များများက အခမ်းအနားကို တက်ရောက်ခဲ့ကြပေမဲ့ ရော်နယ်ဒိုကတော့ လာမတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစ်မဖြစ်သူက ရော်နယ်ဒိုအနေနဲ့ သူရဲ့ကျော်ကြားမှုကြောင့် ဈာပနကိုသွားရင် လေးနက်တဲ့အခမ်းအနားနဲ့ ဝမ်းနည်းနေတဲ့မိသားစုကို မရည်ရွယ်ဘဲ မှေးမှိန်သွားစေနိုင်တယ်လို့ စိုးရိမ်ကြောင်း Instagram မှာ ရှင်းပြခဲ့ပါတယ်။ အဗေရိုက သူမရဲ့ Instagram Storyမှာ မက်ဆေ့ချ်အမြောက်အမြားကို တင်ခဲ့ပြီး သူမရဲ့ဖခင် ဈာပနမှာ ခံစားခဲ့ရတဲ့ နာကျင်စရာအတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။ 

သူမက သူမရဲ့မိသားစုအတွက် သီးသန့်ဝမ်းနည်းဖို့ခက်ခဲစေခဲ့တဲ့ မီဒီယာနဲ့ ပြည်သူတွေရဲ့ အာရုံစိုက်မှုအပေါ်မှာ ပြန်ပြောပြခဲ့ပါတယ်။  အဗေရိုက"ကျွန်မအဖေဆုံးပါးသွားတဲ့အချိန်မှာ ဆုံးရှုံးရခြင်းရဲ့ နာကျင်မှုအပြင် ကျွန်မတို့က သင်္ချိုင်းမှာနဲ့ ကျွန်မတို့သွားတဲ့နေရာတိုင်းမှာ ရှိနေတဲ့ ကင်မရာတွေနဲ့ သိချင်စိတ်ပြင်းပြနေသူတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မတို့ (ကလေးတွေ) ဟာ အဲဒီလိုဆူညံပွက်လောရိုက်နေတဲ့အချိန်မှာ ဘုရားကျောင်းကနေ ထွက်ခွာနိုင်ခဲ့ခြင်းမရှိပါဘူး။ မြှုပ်နှံချိန်မှာမှ ခွင့်ပြုခဲ့တာပါ" လို့ရေးသားခဲ့ပါတယ်။

အဗေရိုက ညီအစ်ကိုနှစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပျက်စီးသွားတဲ့ မိသားစုရဲ့နာကျင်မှုကို "ရိုရိုသေသေဂုဏ်ပြုပေးတာထက်" ပျက်ကွက်မှုအပေါ်မှာ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ 
ဒီယေဂို ဂျိုတာ (၂၈ နှစ်) နဲ့ သူ့ရဲ့အစ်ကို အန်ဒရေ ဆေးလ်ဗား (၂၅ နှစ်) တို့ဟာ စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။