
ယခုရာသီ အသင်းရဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့ရာသီကထက် သိသိသာသာတိုးတက်လာကြောင်း ပြောကြားလာတဲ့ အာမိုရင်
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ကို ၀-၁ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယခုလက်ရှိအသင်းရဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့ရာသီကခြေစွမ်းနဲ့ လုံးဝ ကွဲပြားနေပြီး သိသိသာသာတိုးတက်လာကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်အနေနဲ့ သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ နောက်ခံလူ ရီကာဒိုကာလာဖီအိုရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ သွင်းဂိုးမရခဲ့ပေမယ့် နွေရာသီအတွင်း အသစ်ခေါ်ယူထားခဲ့တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ ခြေစွမ်းပြသနိုင်ခဲ့ကြပြီး အခွင့်အရေးတွေလည်း အများအပြားဖန်တီးနိုင်ခဲ့ကြပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ အိုနာနာနေရာမှာအစားထိုးဝင်ရောက်ကစားတဲ့ ဂိုးသမား အယ်လ်တေးဘယင်ဒါကို အပြစ်တင်နေကြပြီး အာဆင်နယ်ရဲ့သွင်းဂိုးဟာ သူ့ရဲ့အမှားကြောင့်ဖြစ်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။သို့သော်လည်း နည်းပြအာမိုရင်ကတော့ ယခုပွဲစဉ်မှာပြသခဲ့တဲ့ ခြေစွမ်းကြောင့် အသင်းရဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ကစားသမားတွေအတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ပွဲကို မကြောက်မရွံ့ကစားခဲ့ကြပြီး အနိုင်ရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မြင်တွေ့ခဲ့ရပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ရလဒ်မျိုးနဲ့ထိုက်တန်ခဲ့ပေမယ့် အခုတော့ နောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သွားရပါတော့မယ်။ ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်မှာပိုပြီး စိတ်အားတက်ကြွနေကြပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး တစ်ယောက်ချင်းယှဉ်ပြိုင်မှုတွေမှာလည်း အသာရခဲ့ပါတယ်။ အသင်းက ဘောလုံးကိုင်ထားသည်ဖြစ်စေ၊ မကိုင်ထားသည်ဖြစ်စေ တစ်ခုခုလုပ်နိုင်တော့မယ်ဆိုတဲ့ ခံစားချက်ကို ဒီပွဲမှာရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့လိုအပ်နေသေးပေမယ့် ပြီးခဲ့တဲ့ရာသီကထက်တော့ သိသိသာသာ တိုးတက်လာခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း "ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါက အနုတ်သဘောဆောင်တဲ့အချက်ပါ။ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဆိုတာ သိပ်အများကြီးမရပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။