The network connection is lost.

Banner Image

အယ်လ်ဘာတိုမော်ရီနို၊ ရိုဒရီဆန်းချက်ဇ်နဲ့ ဗာရာနီတို့ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ ကိုမို

ကိုမိုနည်းပြ ဖာဘရီဂတ်စ်ဟာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားအများအပြားကို ပစ်မှတ်ထားနေပြီး ယခုအခါမှာ ယူနိုက်တက်ကစားသမားဟောင်း ရာဖေးလ်ဗာရာနီအပါအဝင် ရီးရဲလ်ဘက်တစ်မှ ရိုဒရီဆန်းချက်ဇ်နဲ့ လီဗာပူးနောက်ခံလူဟောင်း အယ်လ်ဘာတိုမော်ရီနိုတို့ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

အင်ဒိုနီးရှားနဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေကို ကျောထောက်နောက်ခံပြုထားတဲ့ ကလပ်ငယ်လေးဟာ ဖာဘရီဂတ်စ်ရဲ့ဦးဆောင်မှုနဲ့အတူ လာမယ့် ၂၀၂၄-၂၅ ရာသီမှာတော့ စီးရီးအေသို့ တန်းတက်ကစားခွင့်ရထားတာဖြစ်ပါတယ်။ အီတလီထိပ်သီးဘောလုံးလောကမှာ ကစားသွားရမှာဖြစ်လို့ ကိုမိုဟာ ရာသီမစတင်မီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိနိုင်မယ့်ကစားသမားတွေကိုသာမက လူငယ်ပါရမီရှင်ကစားသမားလေးတွေကို ပစ်မှတ်ထားပြီး အင်အားဖြည့်တင်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

မကြာသေးမီက ယူနိုက်တက်နဲ့ စာချုပ်တမ်းကုန်ဆုံးခဲ့တဲ့ ဗာရာနီဟာလည်း ကိုမိုရဲ့လေ့ကျင့်ရေးကွင်းသို့ လာရောက်လည်ပတ်ခဲ့ပြီး ဖာဘရီဂတ်စ်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့တာကြောင့် ကလပ်အနေနဲ့ ကစားသမားကို ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ကိုမိုဟာ ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဘယ်နောက်ခံလူ မော်ရီနိုနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အသက်-၃၂ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ ခုနှစ်အတွင်း ဗီလာရီးရဲလ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့မရောက်ခင်မှာ ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးမှာ ၅ နှစ်ကြာကစားခဲ့ဖူးတာဖြစ်ပါတယ်။ ကိုမိုရဲ့နောက်ထပ်ပစ်မှတ်တစ်ခုကတော့ ရီးရဲလ်ဘက်တစ်ကွင်းလယ်ဖန်တီးရှင် ရိုဒရီဆန်းချက်ဇ်ဖြစ်ပြီး နောက်အပတ်မှာပဲ ဆွေးနွေးမှုတွေ စတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ်က သူတို့ရဲ့ အသက်-၂၄ နှစ်အရွယ်ကစားသမားအဖြစ် ယူရို ၆ သန်းတောင်းဆိုထားပြီး ကိုမိုအနေနဲ့လည်း အဆိုပါပြောင်းရွှေ့ကြေးကို ပေးချေဖို့ အဆင်သင့်ရှိနေပါတယ်။