ဂျူဗင်တပ်စ်ကိုအနိုင်ရပြီးနောက် အသင်းဖော်စတား ၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုက ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အာဒါဂူလာ နဲ့ ဘယ်လင်ဟမ်တို့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒဏ်ရာကနေပြန်လာပြီးနောက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုက ခံစစ်ပိုင်းကြံ့ခိုင်မှု နဲ့ လာမယ့်အယ်လ်ကလက်ဆီကိုပွဲအတွက်ပါ ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်နဲ့ပွဲမှာ ရီးရဲလ်အသင်းဟာ ဘယ်လင်ဟမ်ရဲ့ဒဏ်ရာကနေပြန်လာပြီးနောက် သွင်းယူခဲ့တဲ့ ၁ လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အသက် ၂၀ အရွယ်စတား ဂူလာရဲ့စွမ်းဆောင်ရည်ကိုလည်း အလွန်ဆိုက ချီးကျူးခဲ့ပါတယ်။ “အာဒါက တိုးတက်လာပါတယ်။ သူ့အသက်က ၂၀ အရွယ်သာရှိနေသေးပေမယ့် မက်ဒရစ်အတွက် ပွဲအချို့ကစားထားပြီးပါပြီ။ သူ့အသက်အရွယ် ၊ အရည်အချင်းအပြင် ကျွန်တော်တို့သူ့ကိုထောက်ပံ့ရပါမယ်။ သူ့အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းအပြင် ဖိအားပေးတဲ့အပိုင်းမှာပါ တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူ့မှာအရည်အချင်းအများကြီးရှိနေပါတယ်။ အသင်းအတွက် သူအများကြီးစွမ်းဆောင်ပေးနိုင်ပါတယ်။
သူပါဝင်လာချိန်မှာ အသင်းရဲ့အင်အားက ပိုကောင်းလာပါတယ်။ သူ့ရဲ့တိုးတက်လာမှုနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုလိုချင်ပါတယ်။ သူက ဘောလုံးကစားရတာပျော်ရွှင်သလို နေရာလွတ်ရှာပေးတာအပြင် ဖရီးကစ်ကန်တာတွေလည်း ကောင်းပါတယ်။ ဝီရက်ဇ်နဲ့တောင် သူကဆင်တူပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
ဂူလာဟာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၄ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် အလွန်ဆိုက ဘယ်လင်ဟမ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း “ကျွန်တော် ဂျု့ဒ်အတွက်အရမ်းပျော်ပါတယ်။ ဒဏ်ရာကနေပြန်လာပြီးနောက် သူပွဲကောင်းတစ်ပွဲလိုအပ်ခဲ့တာပါ။ ဂိုးအပြင် သူအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုမြင်ခဲ့ရပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်။ သူက အရမ်းပြီးပြည့်စုံတဲ့ပွဲကို ကစားခဲ့ပါတယ်။ between the lines တွေကြားထဲမှာ ရှာဖွေရတာ ခက်ခဲပါတယ်။ သူဂိုးသွင်းနိုင်ခဲ့လို့လည်း ကျွန်တော်အရမ်းပျော်ပါတယ်။ သူက အဆုံးသတ်စွမ်းရည်နဲ့အတူ မွေးဖွားလာတဲ့ကွင်းလယ်လူပါ။ သူက ကွင်းထဲမှာ အများကြီးကာဗာဖြစ်စေတဲ့ကစားသမားမျိုးပါ။ သူ့မှာ မတူညီတဲ့အရည်အချင်းတွေအများကြီးရှိနေပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ အခုအပတ်မှာ အယ်လ်ကလက်ဆီကိုပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။