ဥရောပချန်ပီယံစပိန်အသင်း အခုထက် ပိုကောင်းလာရဦးမယ်လို့ ပြောလိုက်တဲ့ နည်းပြ ဒီလာဖွန်တေ
ယူရို-၂၀၂၄ မှာ ယှဉ်ပြိုင်ရသမျှပွဲစဉ်အားလုံးကို အနိုင်ယူပြီး ပြီးပြည့်စုံတဲ့ဥရောပချန်ပီယံဘွဲ့ ရယူနိုင်ခဲ့တဲ့ စပိန်အသင်းအနေဖြင့် အခုထက် ပိုကောင်းလာမယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်မယ်လို့ အောင်ပွဲရနည်းပြကြီးဒီလာဖွန်တေက ပြောလိုက်ပါတယ်။
ဘာလင်မြို့ဗိုလ်လုပွဲကြီးမှာ အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် စပိန်အသင်းသမိုင်းတလျှောက် လေးကြိမ်မြောက်ဥရောပချန်ပီယံဆု ဆွတ်ခူးနိုင်ရေးလမ်းပြပေးနိုင်ခဲ့တဲ့ အသက်-၆၃နှစ်အရွယ် နည်းပြကြီးက “အခုလိုမျိုးတိုးတက်လာအောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ရဲ့ကစားသမားတွေကို ဆက်ပြီးတိုးတက်ဖြစ်ထွန်းစေချင်ပါတယ်။ သူတို့တွေ မမောမပန်းနဲ့ တိုးတက်အောင်လုပ်ဆောင်ရင်း အနိုင်ရရှိရေး ကြိုးစားကြပါလိမ့်မယ်။ သူတို့အားလုံး ဂုဏ်ယူတတ်ဖို့ လိုအပ်ပါတယ်။ အခုလို သမိုင်းဝင်အောင်ပွဲကို ဖန်တီးနိုင်ခဲ့သလို အနာဂတ်ကောင်းတွေလည်း ရှိနေတဲ့ ဒီမျိုးဆက်ကစားသမားတွေအတွက် အားလုံးလည်း ဂုဏ်ယူနေကြမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
အသက်-၁၇ နှစ်အရွယ် ယာမယ်လ်၊ အသက်-၂၂ နှစ်အရွယ် နီကိုဝီလျံစ်တို့က စပိန်အသင်းရဲ့တောက်ပတဲ့ အနာဂတ်ကို ပြီးပြည့်စုံအောင် ထုဆစ်ပေးနိုင်မယ့်သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အင်္ဂလန်ကို အနိုင်ရရှိတဲ့ဗိုလ်လုပွဲအတွင်း စပိန်အသင်းရဲ့ဦးဆောင်ဂိုးပေါ်ပေါက်လာရေး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်၊ နည်းပြဘဝစတင်ချိန် စပိန်လူငယ်အသင်းတွေကိုကိုင်တွယ်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကာလမှာ သူ့ရဲ့တပည့်အများစုနဲ့ပဲ စီနီယာလက်ရွေးစင်အသင်းကို ပြန်လည်တည်ဆောက်ခဲ့တဲ့ ဒီလာဖွန်တေအတွက် အခုနိုင်ပွဲက ချိုမြိန်တဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လကြာ ကာလတုန်းက စပိန်လက်ရွေးစင်အသင်းနည်းပြသစ်ခန့်အပ်ခံရချိန်မှာ သူ…ဘယ်သူလဲဆိုပြီး လှောင်ပြောင်မှုကို ဒီလာဖွန်တေ ခံစားခဲ့ရပါတယ်။
ဒီလာဖွန်တေကိုယ်တိုင်ကလည်း ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရိုနှစ်ကြိမ်ဆက်ရရှိစေခဲ့တဲ့ ဘောလုံးပိုင်ဆိုင်မှုအခြေပြု အစဉ်အလာ ‘တီကီတာကာ’ကစားဟန်မှ တိုက်စစ်ပြင်းပြင်းထန်ထန်လိုက်ပါကစားစေတဲ့ ချဉ်းကပ်မှုတစ်ခုကို အသင်းဆီ သွတ်သွင်းပေးခဲ့ပါတယ်။
“ကျွန်တော်ရဲ့ကစားသမားတွေ ကွင်းထဲမှာ အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်သိထားခဲ့တဲ့ ကျွန်တော့်ရဲ့အိုင်ဒီယာတစ်ခုကို အသင်းဆီသွတ်သွင်းလိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းကို လွယ်လွယ်ကူကူခန့်မှန်းလို့မရအောင်လည်း ကြိုးစားခဲ့ပါတယ်။ အရမ်းလျှင်မြန်တဲ့ ကစားသမားတွေရှိနေခြင်းကြောင့် ပိုပြီးအင်တိုက်အားတိုက်တက်ကြွမှုရှိတဲ့ပုံစံ၊ လျှင်မြန်တဲ့တိုက်စစ်ခံစစ်အသွင်ကူးပြောင်းမှုပုံစံတွေနဲ့ ပွဲစဉ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုလားခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေက ကျွန်တော့်အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အခုဗိုလ်လုပွဲတင်မက ခရီးစဉ်တလျှောက်လုံးမှာပါ ဒီအချက်ကို သက်သေပြခဲ့လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အမှားကင်းကင်းနဲ့ အရာအားလုံးကို လက်တွေ့ကျကျ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ပြခဲ့ပြီးပါပြီ။ သူတို့ကိုယ်စားပြုထားတဲ့စံနှုန်းတွေကြောင့် ဒီဘောလုံးသမားတွေက လူ့အဖွဲ့အစည်းအတွက် စံနမူနာတစ်ခုဖြစ်ပါတယ်”လို့ ဒီလာဖွန်တေက ဆိုပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မေးမြန်းမှုကိုတော့ ဒီလာဖွန်တေက သင့်လျော်မှန်ကန်တဲ့အချိန်တစ်ခုမှာ စာချုပ်သစ်ချုပ်ဆိုဖြစ်လိမ့်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “အခုအချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးမစိုးရိမ်မိပါဘူး။ ဒီနေ့မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့အောင်ပွဲခံသွားရပါမယ်။ ကျွန်တော်တို့အကြိမ်များစွာ မမြင်တွေ့ခဲ့ရဖူးတဲ့ ပုံစံတစ်ခုနဲ့ စပိန်အသင်းက ဒီပြိုင်ပွဲကို လုံခြုံမှုရှိရှိ၊ ယုံကြည်မှုအပြည့်ဖြင့် အနိုင်ယူသွားခဲ့ပါတယ်”လို့ အခုယူရိုပြိုင်ပွဲကာလအတွင်း အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်တို့လို ဥရောပထိပ်တန်းအသင်းတွေကို ကျော်ဖြတ်ကာ အောင်ပွဲရယူနိုင်ခဲ့တဲ့ နည်းပြကြီးက ပြောပါတယ်။