
ချာလိုဘာရဲ့ဂိုးကို လုသွင်းခဲ့မိလို့ တောင်းပန်စကားဆိုလာတဲ့ မာဒူကီ
အင်္ဂါနေ့နံနက်က ဝုဗ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအတွက် တတိယဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မာဒူကီက သူ့အနေနဲ့ အသင်းဖော် ချာလိုဘာရဲ့ဂိုးကို လုသွင်းခဲ့မိကြောင်းဝန်ခံခဲ့ပြီး တောင်းပန်စကားပြောကြားလာခဲ့ပါတယ်။ မာဒူကီဟာ ချဲလ်ဆီးအတွက်အနိုင်သေချာစေမယ့်ဂိုးကို ပွဲကစားချိန် ၆၅ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပေမယ့် ချာလိုဘာရဲ့သွင်းဂိုးကို လုယူသလိုဖြစ်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ ပထမအကျော့မှာ ဝုဗ်ကို ဟက်ထရစ်သွင်းယူထားနိုင်ခဲ့ပြီး ယခုအခါမှာလည်း ၁ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် တစ်ရာသီအတွင်း ဝုဗ်ကို ၄ ဂိုးအထိသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
သိုသော်လည်း ယခုပွဲစဉ်မှာ ချာလိုဘာရဲ့ခေါင်းတိုက်ချက်မှတစ်ဆင့် ဘောလုံးဟာ ဂိုးစည်းပေါ်ကိုရောက်ရှိနေပြီဖြစ်တာကြောင့် မာဒူကီအနေနဲ့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အလွယ်ကူဆုံးသွင်းဂိုးကို သွင်းယူခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ တကယ်လို့ မာဒူကီသာ ဘောလုံးကို မထိခဲ့ဘူးဆိုရရင်တော့ ချာလိုဘာသာ ဂိုးသွင်းသူအဖြစ် သတ်မှတ်ခံရမှာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ မာဒူကီက “ဒါက တိုက်စစ်မှူးတစ်ယောက်ရဲ့ ဗီဇအတိုင်း လုပ်မိသွားတာပါ။ ဒီဘောလုံးကို ကျွန်တော်မထိလည်း ဂိုးသွားမယ်ဆိုတာသိခဲ့ပေမယ့် တိုက်စစ်မှူးတစ်ယောက်ရဲ့ဗီဇအတိုင်း ဂိုးစည်းကို သေချာပေါက်ကျော်သွားစေချင်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်ချာလိုဘာကိုလည်း တောင်းပန်ပြီးပါပြီ။ သူက ကျွန်တော့်ကို ဒီဂိုးက သူ့ဂိုးလို့ပြောပေမယ့် ကျွန်တော်က တိုက်စစ်မှူးပါ။ အသင်းက ကျွန်တော့်ကိုဂိုးသွင်းဖို့အတွက် ပိုက်ဆံပေးထားတာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာဒူကီက “ချာလိုဘာက မယုံနိုင်စရာကစားသမားတစ်ယောက်ပါ။ ဦးဆောင်နိုင်စွမ်းရှိပြီး ဘောလုံးကို ရဲရဲဝံ့ဝံ့ကစားနိုင်ပါတယ်။ မန်နေဂျာရဲ့ကစားကွက်က သူ့အတွက်ခက်ခဲစေနိုင်ပေမယ့် သူကတော့ အံဝင်ခွင်ကျဖြစ်အောင်ကစားနိုင်ပါတယ်” လို့လည်း ချီးကျူးပြောဆိုခဲ့ပါတယ်။