ယူနိုက်တက်စတားဟောင်းကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီး
ဘရာဇီးကလာတဲ့သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဖူလ်ဟမ်ကွင်းလယ်လူ ပါရဲရားကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းဟာ အခုနွေရာသီမှာ ကစားသမား ၅ ဦးအထိ ခေါ်ယူထားခဲ့ပြီး အခုလည်း ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပါတယ်။
ဘရာဇီးသတင်းဌာန ဂလိုဘိုရဲ့အဆိုအရ ချဲလ်ဆီးဟာ ပါရဲရားရဲ့အေးဂျင့် ကိုင်ကို ချိတ်ဆက်ထားပြီးဖြစ်ကာ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မာရက်စ်ကာကတော့ ပါရဲရားကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုတွေပြုလုပ်နေပြီး ဖူလ်ဟမ်တောင်းဆိုတဲ့ ပေါင် ၃၅ သန်းကိုလည်း ပေးချေဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။
ပါရဲရား နဲ့ ဖူလ်ဟမ်တို့ကြား သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာခဲ့ရင် ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ နှုတ်အားဖြင့်သဘောတူညီမှုရှိထားတာဖြစ်ပါတယ်။
မိုနာကိုအသင်းကလည်း ဖူလ်ဟမ်စတားကို ခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့် ကိုင်နဲ့ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ပါရဲရားကတော့ လန်ဒန်မှာသာ ဆက်နေချင်နေပြီး ချဲလ်ဆီးကိုပြောင်းချင်နေပါတယ်။ ချဲလ်ဆီးက ဂယ်လာဟာကိုရောင်းထုတ်ပြီး သူ့နေရာမှာ ဘရာဇီးသားနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
တော့တင်ဟမ် ၊ တီကို နဲ့ ဗီလာတို့က ဂယ်လာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပါရဲရားဟာ ကိုပါအမေရိကမှာတုန်းက ဘရာဇီးအတွက် ၃ ပွဲကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
ဘရာဇီးသားအနေနဲ့ အခုလအကုန်မှာ ဖူလ်ဟမ်အသင်းထံ သတင်းပို့ရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ပါရဲရားကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ယူနိုက်တက်ထံကနေ ပေါင် ၁၀ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပါရဲရားတစ်ယောက် ပရီးမီးယားလိဂ် ၃၇ ပွဲပါဝင်ကစားခဲ့ကာ ၃ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။