The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကိုလွဲချော်သွားမယ့် ချဲလ်ဆီးနောက်ခံလူ တိုဆင်အဒရာဘီအိုယို

ချဲလ်ဆီးအသင်းရဲ့ဗဟိုနောက်ခံလူ တိုဆင်အဒရာဘီအိုယိုဟာ ဒဏ်ရာပြဿနာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်သွားမယ်လို့ နည်းပြ အန်ဇိုမာရက်စ်ကာက အတည်ပြုလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ်အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ လီဗိုင်ကိုဝဲလ်ကလည်း ပါဝင်နိုင်မှာမဟုတ်လို့ ချဲလ်ဆီးအနေနဲ့ အဖွင့်ပွဲမှာ နောက်တန်းပိုင်းရုန်းကန်သွားရဖို့ရှိနေပါတယ်။ တိုဆင်အဒရာဘီအိုယိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ The Times သတင်းဌာနကဖော်ပြခဲ့တာဖြစ်ပြီး အသေးစားဒဏ်ရာသာဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားကို အသုံးပြုနိုင်ပေမယ့် စွန့်စားမှုမယူချင်တာကြောင့် ပဲလေ့စ်နဲ့ပွဲမှာ ချန်လှပ်သွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ကိုဝဲလ်ကိုလည်း ဒူးဒဏ်ရာကြောင့် အချိန်ကာလအတော်ကြာကြာလက်လွှတ်ထားရတာဖြစ်လို့ တိုဆင်ကိုလည်း ဒဏ်ရာထပ်မကြီးစေဖို့ အခုလို အနားယူစေခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ နောက်ထပ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘာဒီယာရှီးလ်ကလည်း အခုချိန်အထိ ကြံ့ခိုင်မှုမပြည့်ဝသေးဘဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နောက်တန်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲလို့မေးမြန်းခဲ့ရာ မာရက်စ်ကာက “ချာလိုဘာရှိနေတော့ အဆင်ပြေပါတယ်။ ဝက်စ်လေဖိုဖာနာကလည်း ကစားဖို့အဆင့်သင့်ဖြစ်နေပါတယ်။ ကျွန်တော်တို့ သိရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးရဲ့နောက်တန်းကို ချာလိုဘာက ဦးဆောင်လာဖွယ်ရှိနေပြီး ဖိုဖာနာကလည်း ချာလိုဘာနဲ့တွဲဖက်ပြီး ပွဲထွက်လာဖွယ်ရှိပါတယ်။ ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးထားတဲ့ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း အနိုင်ရလဒ်နဲ့စဖွင့်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။