The network connection is lost.

အင်တာမီလန်အနိုင်ရပြီး ပီအက်စ်ဗွီ-ဒေါ့မွန် တွေ့ဆုံမှု သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(ပ-ကျော့)ပွဲစဉ်များ

ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ယနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အင်တာမီလန်က အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရခဲ့ပြီး ပီအက်စ်ဗွီ-ဒေါ့မွန် တွေ့ဆုံမှုမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့ အင်တာမီလန်ကတော့ နောက်ကျအနိုင်ဂိုးနဲ့သာ အသာစီးရယူနိုင်ခဲ့ပါတယ်။
 
အင်တာနည်းပြအင်ဇာဂီက လာဇီယိုအသင်းဖော်ဟောင်း ဆီမြွန်နီကိုင်တွယ်တဲ့ အသင်းနဲ့ တွေ့ဆုံရချိန်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပွဲချိန်တလျှောက်လုံး အိမ်ရှင်တွေက ဖိအားပေးကစားခဲ့ပြီး လော်တာရိုမာတီနက်ဇ်ရဲ့ အပိုင်ကန်သွင်းမှုကိုလည်း အေတီကိုဂိုးသမား အော့ဘလက် လက်စွမ်းပြကာကွယ်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။
 
ဒါပေမယ့် ဒဏ်ရာရသွားတဲ့ မားကပ်စ်သူရမ်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အာနူတိုဗစ်က ကွင်းတွင်းရောက်ရှိလာပြီး မကြာခင်မှာပဲ ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်သွားပါတယ်။ သြစတြီးယားသားက ဘာရယ်လာရဲ့ဖြတ်တင်ဘောမှ တဆင့် နောက်တစ်ကြိမ်ရရှိလာတဲ့အခွင့်အရေးကို အပိုင်ခေါင်းတိုက်ပြီး အဖွင့်ဂိုးရရှိဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာနဲ့ဘဲ သွင်းဂိုးတော့ မဖြစ်လာခဲ့ပါဘူး။
 
ဒီနောက်မှာတော့ အေတီကိုက အားထားရတဲ့တိုက်စစ်မှူးမိုရာတာကို လူစားဝင်ကစားစေဖို့ ပြင်ဆင်လာပါတယ်။ နောက်ဆုံးမှာတော့ အာနူတိုဗစ်က သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၁ မိနစ်အလိုမှာပဲ အခုပွဲစဉ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်မှတဆင့် မာတီနက်ဇ်ရဲ့ဖန်တီးပေးမှုကို အကောင်းဆုံးအသုံးချပြီး ဒီဂိုးကို သွင်းယူခဲ့တာပါ။
 
အင်တာမီလန်က ကွာတားဖိုင်နယ်တစ်နေရာစာ သေချာစေဖို့ လာမယ့်မတ် ၁၃ ရက်၊ မက်ထရိုပိုလီတာနိုကွင်းကြီးမှာ သွားရောက်ကစားရပါဦးမယ်။ ပီအက်စ်ဗွီနဲ့ ဒေါ့မွန်တို့ နယ်သာလန်မြေမှာ ထိပ်တိုက်တွေ့ဆုံမှုကလည်း တစ်ဖက်တစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
 
အခုပွဲစဉ်မှာ ချဲလ်ဆီးမှ ဒေါ့မွန်ဆီ အငှားဖြင့်ရောက်ရှိနေတဲ့ အီယန်မတ်ဆန်က သူ့ရဲ့ကစားသမားဘ၀ ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေါ့မွန်က အားထားရတဲ့ဂိုးသမား ဂိုဘယ်လ် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ဒဏ်ရာရရှိသွားလို့ ဒုတိယဂိုးသမား မေယာကို ပွဲထွက်ခွင့် ပေးအပ်ခဲ့ပါတယ်။
 
ပွဲအစပိုင်းမှာပဲ တေးလ်မန်းက ဒတ်ချ်ချန်ပီယံတွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးဖို့ အနီးစပ်ဆုံးအနေအထားအထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်ဂိုးဧရိယာအတွင်း လူကပ်မခံထားရတဲ့ တေးလ်မန်းက ကန်သွင်းယူဖို့ ကြိုးပမ်းမှုက အံ့အားသင့်ဖွယ် ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။
 
ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ဒေါ့မွန်က ရရှိသွားပြီး ဆာဘစ်ဇာရဲ့ဖန်တီးပေးမှုကို မာလန်က သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာပဲ တေးလ်မန်းကို ဟမ်းမဲလ်ရဲ့လျှောထိုးဖျက်ထုတ်မှုက အိမ်ရှင်တွေအတွက် ပယ်နယ်တီ အခွင့်အရေးအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဒီအခွင့်အရေးကို လုခ်ဒီဂျောင်က သွင်းဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
 
ပီအက်စ်ဗွီက လာမယ့်သုံးပတ်အကြာမှာ အီဒင်တာဇစ်ရဲ့အသင်းနဲ့ ဂျာမန်မြေမှာ ယှဉ်ပြိုင်ကစားရပါဦးမယ်။
 
ပွဲပြီးရလဒ်များ
--------------
အင်တာမီလန် ၁-၀ အက်သလက်တီကိုမက်ဒရစ်
ပီအက်စ်ဗွီ ၁-၁ ဒေါ့မွန်