အာနိုးလ်နှင့်ပတ်သက်တဲ့ သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ
အားနိုးလ်ဟာ စာချုပ်သက်တမ်းရဲ့နောက်ဆုံး ၆ လ သို့ရောက်လာတာဖြစ်ပြီး အလွတ်ဖြင့်ထွက်ခွာဖို့အတွက် အင်္ဂလန်ပြင်ကလပ်များနှင့် ဆွေးနွေးနိုင်နေပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၂၆ နှစ်အရွယ် ကစားသမားရောက်လာနိုင်တဲ့ ကလပ်တစ်ခုဖြစ်ပြီး စပိန်ကလပ်ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားနှင့်ပတ်သက်ပြီး စုံစမ်းနေပြီလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီဝက်မှာ အသင်းရဲ့အဓိက ကစားသမားတစ်ဦးကို လီဗာပူးက မရောင်းချလိုနေတာဖြစ်တယ်။
ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်အတွက် ပေါင်သန်း ၂၀ ဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းနိုင်ပါတယ်လို့ သတင်းတွေက ဖော်ပြထားသော်လည်း ဗလင်စီယာနှင့်ပွဲမတိုင်မီ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး မေးမြန်းတဲ့အခါ အန်ဆယ်လော့တီက အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပါဘူး။
"အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဖို့ဆိုတာက ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ကျွန်တော်တို့က စောင်ကြည့်ရမှာပါ" "ဇန်နဝါရီက ပွဲတွေကို ကျွန်တော်တို့က အာရုံစိုက်ထားရမှာဖြစ်ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး။ လက်ရှိအချိန်မှာ ဈေးကွက်နဲ့ပတ်သက်ပြီး ပြောဖို့ဆိုတာက ခက်ပါတယ်" လို့ အန်ဆယ်လော့တီက ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ "ဒီနေရာ ဒီအချိန်မှာ ကျွန်တော်က ပြောမှာမဟုတ်သလို ပြောရမယ့် နေရာလည်း မဟုတ်ပါဘူး" "ကျွန်တော့်မှာ အသင်းကောင်းရှိပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရ ကစားသမားများနေပြီး အဲ့ဒီအတွက် ကျော်လွှားရမှာဖြစ်ပါတယ်" လို့ နည်းပြက ဖြေထားပါတယ်။ ဇန်နဝါရီမှာ စာချုပ်ချုပ်ဆိုဖို့ဆိုတာက ဖြစ်လာဖွယ်မရှိပါဘူး။ ကစားသမားနှင့်ကလပ်တို့ဟာ နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်ဖို့ စောင့်နေကြပါတယ်။
လာမယ့် အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်က ခံစစ်ကို အဆင့်မြှင့်ဖို့ စောင့်ကြည့်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က အယ်လ်ဖုန်ဆိုဒေးဗီစ်ကလည်း ပစ်မှတ်ဖြစ်နေပါတယ်။ စပိန်ရှိ Sport က ဖော်ပြထားတဲ့ သတင်းမှာ အာဆင်နယ်နောက်တန်းကစားသမား ဆာလီဘာကို ခေါ်ယူဖို့ရှိနေပါတယ်လို့ ဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံသားဟာ အာဆင်နယ်နှင့် ၂၀၂၇ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားပြီး သူ့ကိုခေါ်ယူဖို့အတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၃ သန်း) ပေးချေရမှာဖြစ်ပါတယ်။