The network connection is lost.

Banner Image

ဘက်တစ်နဲ့ပွဲစဉ်မှာ အမ်ဘာပေကို ဘာကြောင့်လူစားလဲခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ

ဘက်တစ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူးကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြရင်း အမ်ဘာပေမှာ ပြဿနာတစ်ရပ်ရှိနေခဲ့တယ်လို့ အန်ဆယ်လော့တီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယမန်နေ့ညပိုင်း၊ လာလီဂါအရေးကြီးပွဲစဉ်အဖြစ် ဘက်တစ်နဲ့ရင်ဆိုင်ရချိန် ၂-၁ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘရာဟင်ဒီယက်ဇ်ရဲ့အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘက်တစ်အတွက် ကာဒိုဆိုရဲ့ချေပဂိုး၊ မက်ဒရစ်ကြယ်ပွင့်ဟောင်း အစ္စကိုရဲ့ပယ်နယ်တီသွင်းဂိုးတွေနဲ့အတူ အဝေးကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အခုပွဲစဉ်မှာ ပြင်သစ်ကြယ်ပွင့်အမ်ဘာပေ ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ပွဲချိန် ၇၅ မိနစ်မှာ ဘရာဇီးလူငယ်ကစားသမားအန်းဒရစ်ခ်နဲ့ သူ့ကို လူစားလဲလှယ်ခဲ့ရပါတယ်။ ပွဲစဉ်အပြီးမှာတော့ နည်းပြအန်ဆယ်လော့တီက မနေ့ညပိုင်း၊ တိုက်စစ်ပိုင်းလွဲချော်မှုတွေအတွက် အဓိကလူဖြစ်ခဲ့တဲ့ အမ်ဘာပေမှာ ပြဿနာတစ်ရပ်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အီတာလျံဝါရင့်နည်းပြကြီးက “ အခုသီတင်းပတ်အတွင်း အမ်ဘာပေမှာ သွား(tooth)နဲ့ပတ်သက်လို့ ပြဿနာတစ်ရပ် ရှိနေခဲ့ပါတယ်။ သူ သိပ်ပြီးမလေ့ကျင့်နိုင်သလို အကောင်းဆုံးပုံစံလည်း မရှိနေခဲ့ပါဘူး။ ပြဿနာတွေပြေလည်စေဖို့ သူ့ကို အန်းဒရစ်ခ်နဲ့ လူစားလဲခဲ့ပါတယ်။ အန်းဒရစ်ခ်ကတော့ သွက်လက်ကောင်းမွန်တဲ့ပုံစံမျိုး ပြသခဲ့ပါတယ်”လို့ ဆိုပါတယ်။

စပိန်ချန်ပီယံတွေက လာမယ့်အင်္ဂါနေ့မှာတော့ ဘာနေဗျူးကွင်းချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်(ပ-ကျော့)ပွဲစဉ် အဖြစ် မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်သွားရပါမယ်။