ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အန်းဒရစ်ခ်ကို ခေါ်ယူဖို့ စုံစမ်းလေ့လာနေတဲ့ လီဗာပူး
လီဗာပူးအသင်းက ထွန်းသစ်စလူငယ်ကြယ်ပွင့်အန်းဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဆီ ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၀ အရွယ်ကစားသမားက ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲကစားချိန်ရရှိဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်ကာလကို ပြင်သစ်လီဂူးဝမ်းကလပ်လိုင်ယွန်အသင်းဆီ အငှားသွားရောက်ကစားခဲ့ပါတယ်။
အန်းဒရစ်ခ်က လီဂူးဝမ်းမှာ ရှိနေချိန်အတွင်း ပြိုင်ပွဲစုံ ၂၁ ပွဲကစားရာ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ရင်း အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
The Times သတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက ဒီလူငယ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဆီ ချဉ်းကပ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
သတင်းအများစုမှာတော့ စပိန်ထိပ်သီးကလပ်က အခုနွေရာသီမှာ အန်းဒရစ်ခ်ကို လက်လွှတ်ဖို့ စိတ်မဝင်စားဘဲ စီနီယာအသင်းမှာ သူ့အတွက် အခွင့်အရေးတွေ ပိုမိုပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လီဗာပူးအသင်းကတော့ အပြောင်းအရွှေ့ရာသီမကုန်ဆုံးမီ တိုက်စစ်ပိုင်းပိုမိုအားကောင်းအောင် ကြိုးပမ်းနေပြီး မကြာသေးမီရက်ပိုင်းအတွင်းမှာလည်း ဘရိုက်တန်အသင်းရဲ့မင်တက်ချ်ကို ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။