The network connection is lost.

Banner Image

လိုက်ပ်ဇစ်ကြယ်ပွင့် ဆက်ဆခိုကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကြယ်ပွင့်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ 

ဆက်ဆခိုကိုခေါ်ယူဖို့ ချိတ်ဆက်နေတဲ့အသင်းတွေထဲမှာ နယူးကာဆယ်လည်းပါဝင်ပေမယ့် မကြာသေးမီက လိုက်ပ်ဇစ်ဟာ နယူးကာဆယ်ရဲ့ကမ်းလှမ်းကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ယူနိုက်တက်က ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း+အပိုဆုကြေးပေါင်း ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အနေနဲ့ အဆိုပါကမ်းလှမ်းချက်ကို သဘောတူညီသွားဖွယ်ရှိပါတယ်။

မကြာသေးမီက နယူးကာဆယ်ဟာ ဆက်ဆခိုကိုခေါ်ယူဖို့ ယူရိုသန်း ၇၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် လိုက်ပ်ဇစ်ဘက်က ချက်ချင်းပယ်ချခဲ့တာဖြစ်ပြီး လက်ရှိယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကိုတော့ တစ်စုံတစ်ရာပြန်လည်တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ သို့သော်လည်း ဆက်ဆခိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် မကြာမီမှာပဲ လိုက်ပ်ဇစ်ဘက်က မီးစိမ်းပြသွားဖွယ်ရှိပါတယ်။ 

အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရတော့ ယူနိုက်တက်ဟာ ဆက်ဆခိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားတယ်လို့သိရပြီး ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။ ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူထားပြီးဖြစ်ပေမယ့် ဆက်ဆခိုနဲ့ ထပ်မံအားဖြည့်လိုနေတာဖြစ်ပါတယ်။ 

နယူးကာဆယ်အနေနဲ့တော့ လက်ရှိတိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို လီဗာပူးထံ လက်လွှတ်သွားရဖွယ်ရှိနေတာကြောင့် ဆက်ဆခိုနဲ့ ပြန်လည်အစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆက်ဆခိုဟာ လိုက်ပ်ဇစ်အတွက်ပြိုင်ပွဲစုံ ၂၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသက်-၂၂ နှစ်အရွယ်ကစားသမားကို ကာလရှည်ကင်းထောက်နေခဲ့တာဖြစ်ပြီး သတင်းတွေအရ ၂၀၁၉ ခုနှစ်ကတည်းက စောင့်ကြည့်နေခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ယခုနွေရာသီအတွင်းမှာတော့ ယူနိုက်တက်အနေနဲ့ ဆလိုဗေးနီးယားလက်ရွေးစင်ကို ခေါ်ယူသွားနိုင်လား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။