နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျပြီးနောက် အခုထက်မက စွမ်းဆောင်ပေးကြဖို့ လီဗာပူးအသင်းဆီ တောင်းဆိုလိုက်တဲ့ အီဆက်ခ်
ယမန်နေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ နှစ်ဂိုးစီသရေကျတဲ့ အန်ဖီးလ်ကွင်းပွဲစဉ်အပြီး အီဆက်ခ်က လီဗာပူးအသင်းရဲ့တိုက်ပွဲဝင်စိတ်ဓါတ်အပေါ် ချီးကျူးခဲ့ပေမဲ့ အခုထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရဦးမယ်လို့ ဝန်ခံခဲ့ပါတယ်။
အီဆက်ခ်က ပြိုင်ဘက်ရဲ့နှစ်ကြိမ်တိုင်ဦးဆောင်မှုကို တုံ့ပြန်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပေမဲ့ လာမယ့်ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းကို အခုထက်ပိုပြီး မြှင့်တင်သွားရမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်ပိုင်းမှာ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ဒါကို ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း ကျွန်တော်တို့ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးက ဆိုပါတယ်။
"ဒီနေ့ပွဲစဉ်မှာလည်း ကျွန်တော်တို့ရဲ့ပွဲစတင်ပုံ အတော်လေးဆိုးရွားခဲ့တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းပြီး အရှိန်ရလာချိန်မှာ ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့မှာလည်း ချေပဂိုးသွင်းပြီးပြီးချင်းမှာတင် ချက်ချင်းဆိုသလို ဦးဆောင်ဂိုးပြန်ပေးလိုက်ရလို့ပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ရောက်ရှိနေတဲ့အခြေအနေအရ ဒီပွဲစဉ်မှ ရလဒ်တစ်ခုခု ရရှိခဲ့တယ်ဆိုတာ ကောင်းမွန်ပါတယ်" လို့ အီဆက်ခ်က ဆိုပါတယ်။