The network connection is lost.

Banner Image

ဆဲလ်တစ်နဲ့ပွဲစဉ်အတွက် ဟယ်ရီကိန်း ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်း လေ့ကျင့်ခန်းမဆင်းနိုင်ပေမယ့် နည်းပြကွန်ပနီကတော့ ကစားသမားအတွက် ဒဏ်ရာအခြေအနေခြောက်လှန့်မှုတွေကို ပယ်ချခဲ့ပြီး အလိုင်းယန့်ဇ်အရီနာမှာ ဆဲလ်တစ်ကို ဧည့်ခံရမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်အတွက် တိုက်စစ်မှူး ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဥရောပချန်ပီယံအဖြစ် ခြောက်ကြိမ်တိုင်အောင်ပွဲခံနိုင်ခဲ့တဲ့ကလပ်အသင်းက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ဂလပ်စကိုမြို့ပထအကျော့ပွဲစဉ်မှာ ဆဲလ်တစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် အခွင့်အရေးများစွာ ပိုင်ဆိုင်လာခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ဂျာမန်ဘီလူးကြီးအတွက် ပြိုင်ပွဲစုံပွဲ ၃၀ ကစား၊ ၂၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် စွမ်းဆောင်ထားနိုင်တဲ့ အသက်-၃၁ နှစ်အရွယ် အင်္ဂလန်ကပ္ပတိန်ရဲ့မျက်နှာက လေဗာကူဆင်နဲ့ဂိုးမရှိသရေကျတဲ့ စနေနေ့ဘွန်ဒက်စ်လီဂါပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့ပါတယ်။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ကွန်ပနီက “ ဟယ်ရီကိန်းအတွက် ဆိုးဆိုးရွားရွားဖြစ်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် သူကြံ့ခိုင်မှုပြည့်ဝစေဖို့ ကျွန်တော်တို့မှာ အချိန်နည်းနည်းလေးပဲ ရှိပါတယ်။ တခါတလေ အပိုတစ်ရက်လောက် ထပ်လိုနေတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် မနက်ဖြန်မနက်မှာ ဟယ်ရီကိန်းရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ အခြေအနေက စိုးရိမ်စရာမရှိဘူးလို့ပဲ ကျွန်တော် ယူဆမိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကွန်ပနီက စကော့တလန်ပရီးမီးယားရှစ်အမှတ်ပေးဇယားဦးဆောင်သူ ဆဲလ်တစ်နဲ့ရင်ဆိုင်ရချိန်မှာ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ဘယ်လ်ဂျီယံသားနည်းပြက “ ကျွန်တော်တို့အတွက်ရော၊ ကလပ်အသင်းတစ်ခုလုံးအတွက်ပါ မနက်ဖြန်ပွဲစဉ်က အရေးပါတဲ့ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းပွဲစဉ်တွေမှာဆို အလွန်အားကောင်းပါတယ်။ ဆဲလ်တစ်ရဲ့ပွဲစဉ်အများစုကို ကျွန်တော် ကြည့်ပြီးသွားပါပြီ။ သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခုအချိန်အထိ အကောင်းဆုံးလုပ်ပြထားနိုင်ပြီး အမြဲတမ်းအန္တရာယ်ပေးနိုင်တဲ့ အဆင့်အတန်းမှာ ရှိနေနိုင်ပါတယ်။

ကျွန်တော်တို့တွေ ဆဲလ်တစ်ပတ်ခ်ကွင်းမှာ အနိုင်ရရှိခဲ့သလို လေဗာကူဆင်နဲ့ပွဲစဉ်မှာလည်း အရေးပါတဲ့ ရမှတ်တစ်မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။ အလွန်အလုပ်များခဲ့တဲ့ ခြောက်ရက်တာကာလအတွင်း အကောင်းဆုံးအရာတွေကို နောက်တစ်ကြိမ်ထပ်လုပ်သွားနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ရှိပါတယ်။ ရလဒ်ပိုင်းတွေ မှန်ကန်နေလို့ အပိုခွန်အားအနည်းငယ်တော့ ရှိနေပါတယ်။ ဒီအရာက ကျွန်တော်တို့ကို မနက်ဖြန်ပွဲစဉ်မှာ ကူညီပေးသင့်ပါတယ်”လို့ ပြောပါတယ်။