ဘောလွန်းဒီအော်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၅ နေရာထက် ပိုကောင်းလိမ့်မယ်လို့ မျှော်လင့်မိခဲ့ကြောင်း ဝန်ခံပြောကြားလာတဲ့ ရာဖင်ဟာ
ဘာစီလိုနာတောင်ပံကြယ်ပွင့် ရာဖင်ဟာက သူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုပေးပွဲမှာ ပဉ္စမနေရာနဲ့သာ ရပ်တည်ခဲ့တာကြောင့် ကျေနပ်ခြင်းမရှိဘဲ ဒီထက်ပိုကောင်းတဲ့အဆင့်ကို ရရှိမယ်လို့ မျှော်လင့်မိခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်း ၆၀ ကျော်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့အတွက်တောင် ရေပန်းစားခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဘောလွန်းဒီအော်အဆင့်သတ်မှတ်ချက်ကို ကျေနပ်ခြင်းရှိမရှိမေးမြန်းခဲ့ရာ ရာဖင်ဟာက "ကျွန်တော် ဒီထက်ပိုကောင်းတဲ့အဆင့်တစ်ခုကို မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် ဒါက ကျွန်တော်တစ်ကိုယ်တည်းရဲ့ စိတ်ပျက်မှုတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလုပ်နိုင်တယ်လို့ထင်ပြီး နေ့ရက်တိုင်းမှာ မနားမနေအလုပ်ကြိုးစားနေရင်း တစ်ဖက်မှာလည်း ကောင်းမွန်တဲ့ရာသီတစ်ခုကို ပုံဖော်ထားနိုင်ခဲ့တော့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လာနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်"
"ပဉ္စမနေရာရခဲ့တာကလည်း ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့မျှော်လင့်ချက်ကတော့ ဒီထက်ပိုပြီးတော့ ကြီးမားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟာ မကြာသေးမီက FIFPRO မှထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွက်ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ခြင်းမရှိတာကြောင့် နောက်ထပ် စိတ်ပျက်စရာတစ်ခုနဲ့ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။