ပြင်သစ်ကို တတ်နိုင်သလောက် ဒုက္ခပေးသွားမယ်လို့ အခိုင်အမာဆိုလာတဲ့ ဩစတြီးယားနည်းပြ
ဩစတြီးယားနည်းပြချုပ် ရက်ဖ်ရန်းနစ်ခ်က သူ့ရဲ့အသင်းဟာ ယူရိုအုပ်စုအဆင့် ပထမဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်သော်လည်း တတ်နိုင်သလောက် ဒုက္ခပေးသွားမှာဖြစ်ကြောင်းနဲ့ အနိုင် ၃ မှတ်ရလောက်တဲ့အထိ ကြိုးစားအားထုတ်နိုင်ကြောင်း အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။
ပြင်သစ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၀ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားခဲ့သော်လည်း လက်ရှိအခြေအနေမှာ ဩစတြီးယားဟာ ခြေစွမ်းထက်မြက်နေပြီး နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၁၆ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ခဲ့ပြီး ဂျာမနီနဲ့ အီတလီတို့လို အသင်းတွေကိုပါ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ခ်က “ကျွန်တော်တို့ မနက်ဖြန်ပွဲစဉ်မှာ သတ္တိရှိရှိကစားဖို့လိုပါတယ်။ တကယ်အရေးကြီးတာက ကျွန်တော်တို့ အသင်းရဲ့ကစားပုံပဲဖြစ်ပြီး ပြင်သစ်ရဲ့ကစားပုံ ကောင်းတာမကောင်းတာက အဲဒီလောက်အရေးမပါပါဘူး။ ဒီနေ့အတွက် ကျွန်တော်တို့ ၂ နှစ်လောက်အထိ အချိန်ယူပြင်ဆင်ခဲ့ပါတယ်။ အခုချိန်မှာတော့ တကယ်စတင်လာပါပြီ။ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပေမယ့် ပျော်ပျော်ရွှင်ရွှင်ကစားသွားနိုင်ဖို့ အရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရန်းနစ်ခ်ဟာ ဩစတြီးယားကို အခြေခံကနေပြုစုပျိုးထောင်နေပြီး လူငယ်ကြယ်ပွင့်ကစားသမားတွေကို စုစည်းထားနိုင်ကာ ခြေစစ်ပွဲမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ၈ ပွဲမှာလည်း ၆ ပွဲအထိ အနိုင်ယူခဲ့ပါတယ်။ ယခုအခါမှာတော့ ရန်းနစ်ခ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုမှာ ဆွစ်ဇာလန်ကို ပင်နယ်တီမှာ ရှုံးနိမ့်ပြီးပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ အမ်ဘာပေရဲ့ ပြင်သစ်နဲ့ တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။ ဆက်လက်ပြီး ရန်းနစ်ခ်က ပြင်သစ်စူပါစတား အမ်ဘာပေဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် ကွင်းထဲမှာတော့ ပြိုင်ဘက်ကစားသမား ၁၁ ဦးထဲက တစ်ဦးသာဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။
ဂျာမနီသားက “ကျွန်တော်တို့ကစားတဲ့ပုံစံအရ အသင်းက အမ်ဘာပေ တစ်ယောက်တည်းကိုမဟုတ်ဘဲ ပြင်သစ်တစ်သင်းလုံးကို ခုခံသွားမှာပါ။ ဒါပေမယ့် အမ်ဘာပေအနေနဲ့ဒီပွဲမှာ သူလိုချင်သလောက် ဘောလုံးအလုံအလောက်ရမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ အနိုင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဩစတြီးယားရဲ့စွယ်စုံရကွင်းလယ်လူ ကွန်ရက်ဒ်လိုင်မာကလည်း သူတို့အသင်းဟာ ဒီပွဲမှာ ပိုင်ပိုင်နိုင်နိုင်ကစားမယ်ဆိုရင် ပြင်သစ်ကို အနိုင်ရနိုင်ကြောင်းပြောကြားလာခဲ့ပါတယ်။
လိုင်မာက “ကျွန်တော်တို့ တကယ်လုပ်ပြီဆိုရင် ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို အခက်တွေ့စေမှာပါ။ ပြင်သစ်လို အသင်းတွေနဲ့ ကစားရရင်တော့ စူပါစတားတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်နိုင်ဖို့တကယ်ကို အရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ ပြင်သစ်နဲ့ ဩစတြီးယားတို့ ကျရောက်နေတဲ့ အုပ်စုထဲမှာ ပိုလန်နဲ့ နယ်သာလန်တို့လည်းရှိနေပြီး တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာတော့ နယ်သာလန်က နောက်ကျဂိုးနဲ့အတူ ပိုလန်ကို ၂-၁ နဲ့ အနိုင်ရရှိပြီး ၃ မှတ်အပြည့် ယူထားနိုင်ပါတယ်။