အဲဗာတန်ကွင်းလယ်လူ အိုနာနာကို ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဖြင့် ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာက ပေါင်သန်း ၅၀ တန်သဘောတူညီမှုတစ်ခုဖြင့် အဲဗာတန်ကွင်းလယ်ကစားသမား အိုနာနာကို လက်မှတ်ရေးထိုးခေါ်ယူခဲ့ပါတယ်။
ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းရဲ့ပွဲစဉ်တိုင်းမှာ ပါဝင်ကစားခဲ့တဲ့ အသက်-၂၂ နှစ်အရွယ် ကစားသမားက ရာသီသစ်မှာ ဗီလာကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဆင်နွှဲခွင့် ရရှိသွားပါပြီ။ ၂၀၂၂ ခုနှစ်အတွင်း ပြောင်းရွှေ့ကြေးပေါင် ၃၃ သန်းဖြင့် လိုင်လီမှ အဲဗာတန်ဆီ ရောက်ရှိလာတဲ့ အိုနာနာက မာဆေးဆိုဒ်ကလပ်အတွက် ၇၂ ပွဲကစား၊ လေးဂိုး သွင်းယူပေးခဲ့ပါတယ်။
သူက ၂၀၂၃ ခုနှစ်မှာလည်း အာဆင်နယ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုနွေရာသီဈေးကွက်မှာလည်း ထိပ်သီးကလပ်အသင်းအချို့ရဲ့စောင့်ကြည့်မှုကို ရရှိခဲ့ပါတယ်။ ဒေါက်ကလပ်လူးဝစ်ဇ်ကို ပေါင် ၄၂ ဒဿမ ၃၅ သန်းဖြင့် ဂျူဗင်တပ်စ်ဆီ ဇွန်လအတွင်းမှာ ရောင်းချပြီးနောက် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးခေါ်ယူဖို့ ဗီလာနည်းပြအူနိုင်းအမ်မရီ ကြိုးပမ်းနေခဲ့တာပါ။
အိုနာနာက “ကျွန်တော်တော့ ချန်ပီယံလိဂ် နောက်တစ်ကြိမ်ပြန်ကစားရပါပြီ။ ဒါက စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့နည်းပြတစ်ဦးရှိပြီး သူက ကျွန်တော့်ကို နောက်တစ်ဆင့်ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဒီကလပ်အသင်းဆီ ပြောင်းရွှေ့လာနိုင်ရေးအတွက် ကျွန်တော့်ရဲ့ လက်ရွေးစင်အသင်းဖော်၊ ဗီလာကွင်းလယ်လူ တိုင်လီမန်းစ်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သူက ကလပ်အသင်းကောင်းကြောင်းတွေ အများကြီးပြောပြခဲ့ပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၄ နေရာဖြင့် ရာသီသိမ်းပြီးနောက် အက်စတွန်ဗီလာက ရာသီသစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အင်အားဖြည့်တင်းနေပါတယ်။ သူတို့က ၁၉၈၂-၁၉၈၃ ဥရောပဖလားဆွတ်ခူးပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အလှမ်းဝေးနေခဲ့ပါတယ်။
လာမယ့်သြဂုတ် ၁၇ ရက်မှာ အက်စတွန်ဗီလာက ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရင်း ရာသီသစ်ကို စတင်လာပါလိမ့်မယ်။