The network connection is lost.

Banner Image

အသင်းခေါင်းဆောင်နေရာကို အပြောင်းအလဲလုပ်ဖွယ်မရှိတဲ့ အာတီတာ

သတင်းတွေအရ အာဆင်နယ်အသင်းနည်းပြ အာတီတာတစ်ယောက် အသင်းခေါင်းဆောင်နေရာမှာ အိုဒီဂတ်ကိုပဲ ဆက်ထားနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ ရာသီအစတုန်းက အိုဒီဂတ်ဟာ အာဆင်နယ်ရဲ့မရှိမဖြစ်ကစားသမားဖြစ်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် သူမပါဝင်တဲ့ ၃ လအတွင်းမှာ အာဆင်နယ်က ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ နိုဝင်ဘာမှာ အိုဒီဂတ်ပြန်လာနိုင်ခဲ့ပေမယ့် အကောင်းဆုံးပုံစံမရခဲ့ပဲ နှစ်အစကတည်းက ပရီးမီးယားလိဂ်  ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်က ချန်ပီယံဆုကို လီဗာပူးအသင်းထံ လွှဲပေးခဲ့ရပါတယ်။

နောက်ဆုံးလိဂ် ၃ ပွဲမှာ ၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပေမယ့် ပဲလေ့စ်ရဲ့နောက်ကျချေပဂိုးအပြင် ပီအက်စ်ဂျီနဲ့ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေများလာခဲ့တာဖြစ်ပါတယ်။
နော်ဝေသားရဲ့စွမ်းဆောင်ရည်ကို အလန်ရှီးယား နဲ့ လီဘိုးဝါးတို့ကပါ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးနောက်ခံလူဟောင်း လောရန်ဆင်ကလည်း အာတီတာအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဒီကလန်ရိုက်စ်အားပေးသင့်နေပြီလို့ ထောက်ပြခဲ့ပါတယ်။ အိုဒီဂတ်ဟာ ၂၀၂၂ ကတည်းက အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး နော်ဝေအသင်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဆုဖလားလက်မဲ့ဖြစ်ခဲ့ရာမှာ သူ့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်ကြောင့်လို့ ထင်မှတ်နေကြပါတယ်။ သူ့နောက်မှာ ဂျော်ဂျင်ဟို ၊ ဆာကာ ၊ ဂါဘရီရယ်တို့က အစဉ်လိုက် အသင်းခေါင်းဆောင်ဖြစ်နေပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့တာဖြစ်ပါတယ်။ ရိုက်စ်ကတော့ အာဆင်နယ်အသင်းခေါင်းဆောင်မဟုတ်ပေမယ့် အသင်းကို ဦးဆောင်ထားနိုင်သလို ယခင်ဝက်စ်ဟမ်း နဲ့ အင်္ဂလန်မှာတုန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်သလက်တစ်သတင်းဌာနကတော့ အာဆင်နယ်ဟာ အိုဒီဂတ်ကိုပဲ လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ထားနိုင်ချေရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကလည်း သူ့အနေနဲ့ အိုဒီဂတ်ကိုပဲ အသင်းခေါင်းဆောင်အဖြစ် ရှုမြင်နေဆဲလို့ ပြီးခဲ့တဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ “ယေဘုယျအားဖြင့် လူတိုင်းစွမ်းဆောင်ရည်ကျဆင်းနိုင်ပါတယ်။ ကျွန်တော်လည်း အရင်တုန်းက မတူညီတဲ့စွမ်းဆောင်ရည်ကျဆင်းတာမျိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မာတင်က ပွဲကြီးတွေမှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။ ကျွန်တော်တို့ မာတင်နောက်မှာရှိနေပါတယ်။ သူက ကျွန်တော်တို့အသင်းခေါင်းဆောင်ပါ။

တစ်နေ့ချင်း ၊ တစ်မိနစ်ချင်းအတွက် သူလေ့ကျင့်နေသလို သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးလူသားတစ်ဦးပါ။ သူ့ကိုအဝတ်လဲခန်းထဲမှာ လေးစားမှုရှိကြပါတယ်။ သူအသင်းအတွက် တောင်းဆိုတာ ၊ အသင်းကိုမောင်းနှင်တာ ၊ စကားပြောဆိုတာကအစ လေးစားကြပါတယ်။ သူ့ကိုစရိုက်လက္ခဏာရှိတဲ့ကစားသမားမျိုး မြင်ရဖို့ မလွယ်ပါဘူး။ ဒါပေမယ့်နောက်ကွယ်မှာ သူက တကယ်အရေးပါပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းကောင်းသလို သူ့ထက်ကောင်းတဲ့အသင်းခေါင်းဆောင်မျိုး မမြင်မိသေးပါဘူး။ အခြားအသင်းဖော်တွေလည်း ကျွန်တော့်လိုပဲတွေးနေကြမှာပါ”လို့ ဒီကလန်ရိုက်စ်က ဖြေကြားခဲ့ပါတယ်။