The network connection is lost.

Banner Image

အာနိုးလ်ရဲ့အပြောင်းအရွှေ့ကြောင့် ငွေကြေးအလုံးအရင်းသုံးစွဲတဲ့ခေတ် ကုန်ဆုံးပြီလို့ သုံးသပ်လိုက်တဲ့ အာစင်ဝင်းဂါး

ရီးရဲလ်မက်ဒရစ်လိုကလပ်အသင်းမျိုးဆီပြောင်းရွှေ့ဖို့အတွက် ထိပ်တန်းကစားသမားအများစုအနေဖြင့် အခုအချိန်မှာ သူတို့ရဲ့စာချုပ်သက်တမ်းကာလကိုလျှော့ချသွားဖို့ ပိုမိုပြင်ဆင်လာနေပြီလို့ အာစင်ဝင်းဂါးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးက ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖွယ်ရှိတဲ့ အာနိုးလ်ကြောင့် ထိပ်တန်းကစားသမားတွေဟာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးပမာဏသုံးစွဲတဲ့ပုံစံမျိုးဆီ မလိုက်ပါတော့ဘဲ အခြားနေရာမှာ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့သဘောတူညီမှုမျိုးရယူဖို့ လက်ရှိစာချုပ်သက်တမ်း ပြည့်မြောက်စေမယ့်နည်းလမ်းဆီ ပိုမိုကူးပြောင်းရောက်ရှိလာတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ အာနိုးလ်က သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် လီဗာပူးမှထွက်ခွာမယ်လို့ အတည်ပြုထားပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့တစ်နှစ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်က အလားတူပုံစံမျိုးနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေကို အမိအရခေါ်ယူခဲ့ဖူးပါတယ်။ 

beIN SPORTS နဲ့ဆွေးနွေးခန်းမှာ အာစင်ဝင်းဂါးက “ဒါက ကစားသမားကောင်းတွေအတွက် ပြောင်းရွှေ့ကြေးအလုံးအရင်းသုံးစွဲဖို့ မလိုတော့ဘူးဆိုတဲ့ လမ်းကြောင်းသစ်တစ်ခုကို ပြသပေးနေတယ်လို့ပဲ ယုံကြည်မိပါတယ်။ လုပ်ခလစာပမာဏအရမ်းများပြားတာကြောင့် သူတို့အားလုံး လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိပဲ ကစားသွားကြပါလိမ့်မယ်။

အခုအချိန်မှာ ဒက်ဆယ်လီကို ခေါ်ယူချင်တယ်ဆိုရင် သူတို့တွေက ဘယ်လိုမှပေးချေနိုင်ဖွယ်မရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏကို အသုံးပြုရမယ်။ ဒါဆို သူတို့တွေ ဘယ်လိုလုပ်မလဲ? သူတို့တွေက ကစားသမားရဲ့စာချုပ်သက်တမ်းမကုန်ဆုံးခင် နှစ်နှစ်လောက်အလိုကတည်းက ‘ ငါတို့တော့ မင်းကို ခေါ်ချင်တယ်၊ မင်းကိုလည်း လစာတွေ အများကြီးပေးမယ်၊ မင်းအတွက်လည်း ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ပေးမယ်။ ဒါက အလုပ်မဖြစ်သေးရင်း နောက်တစ်နှစ်ကျရင် ငါတို့တွေ မင်းအတွက် ပြန်လာခဲ့မယ်။ ဒါမှထပ်အလုပ်မဖြစ်သေးရင် မင်းရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ငါတို့ အပြီးသတ်ခေါ်ယူပေးမယ်’လို့ ပြောကြပါလိမ့်မယ်။ အမ်ဘာပေနဲ့လည်း သူတို့တွေ ဒီအတိုင်းပဲ လုပ်သွားကြတာပါ။ ရီးရဲလ်မက်ဒရစ်ကိုယ်တိုင်လည်း အာနိုးလ်ကို အချိန်အကြာကြီးချဉ်းကပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေ၊ လက်ရွေးစင်အသင်းဖော်ဘယ်လင်ဟမ်တို့နဲ တွဲဖက်ကစားဖို့ ရီးရဲလ်မက်ဒရစ်ဆီ အာနိုးလ် အာရုံရောက်နေနိုင်ပေမယ့် လီဗာပူးကတော့ ရာသီလက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုကို ဆက်ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေပါတယ်။ သူတို့တွေက ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ မရင်ဆိုင်ခင် လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။