The network connection is lost.

Banner Image

ဟီရိုးမှ ဇီးရိုးဖြစ်သွားသူ အူဘာမီယန်းနဲ့ ကျိန်စာသင့် အသင်းခေါင်းဆောင်များ စုစည်းရာ အာဆင်နယ်

အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ပတ်သက်ပြီး ကျိန်စာသင့်နေတယ်လို့ ကောက်ချက်ဆွဲတာကို ခွင့်လွှတ်ကြလိမ်မယ်လို့ မျှော်လင့်ပါတယ်။ အူဘာမီယန်းတစ်ယောက် ပြင်သစ်ခရီးက နောက်ကျမှ ပြန်လာပြီး အသင်းခေါင်းဆောက် ရာထူးကနေ ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းနဲ့အတူ နောက်ထပ် ဂန်းနားအသင်းခေါင်းဆောင်တစ်ယောက် မသိမသာ ဝါးမျိုခြင်းခံခဲ့ရပါတယ်။

အူဘာမီယန်းရဲ့ လက်လွတ်စပယ်အပြုအမူအတွက် အပြင် အသင်းကို တကယ်ဦးဆောင်နိုင်ရဲ့လားဆိုတဲ့အပေါ် သံသယရှိနေတာကြောင့်လည်း အာတီတာက ယခုလို ပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားနဲ့ နည်းပြကြား နောက်ထပ် အကွဲအပြဲအဖြစ် အူဘာမီယန်းတစ်ယောက် ယနေ့ည ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာတောင် ပါဝင်ခွင့်ရမှာ မဟုတ်တာက ပြသနေပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ပြဿနာ ရှိခဲ့ကာ အူဘာမီယန်းအပြင် ဂါးလက်စ်၊ ဇာခါတို့လည်း ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အခြားကစားသမားတွေလည်း ဂုဏ်ပြုခံရပြီးမှာ ပြိုင်ဘက်သင်းထံ ပြောင်းသွားတာမျိုးတွေ ရှိသလို အခြားသူတွေကလည်း အသင်းခေါင်းဆောင် လက်ပတ်ရတာနဲ့ ဒဏ်ရာတွေ ဆက်တိုက်ရခဲ့ပါတယ်။

အူနိုင်းအမ်မရီလက်ထက် အသင်းခေါင်းဆောင် ၅ဦးက အတောင့်တင်းဆုံးပဲလို့ ပြောဆိုသူ အနည်းငယ်တော့ ရှိပါတယ်။ ၂၀၀၇ခုနှစ် အွန်နရီ အသင်းခေါင်းဆောင်အဖြစ် ထွက်သွားပြီးနောက် တိုနီ အဒမ်စ်၊ ဗီအဲရာတို့လို ကျောင်ဆောင်တမျှ ကာကွယ်ပေးမ်ယ့ အသင်းခေါင်းဆောင်တွေ အာဆင်နယ်မှာ မရှိတော့ပဲ တည်ငြိမ်မှု အကြီးအကျယ် လိုအပ်နေခဲ့ပါတယ်။

ဝီလျံ ဂါးလက်စ် (၂၀၀၇-၀၈)
-----------------------
အွန်နရီရဲ့နေရာကို ဆက်ခံခဲ့တဲ့ ဂါးလက်စ်အပေါ် သံသယရှိနေတဲ့ ပရိသတ်တွေရဲ့ အမြင်က မှန်ကန်တယ်ဆိုတာ ဘာမင်ဂမ်ကို ၂ဂိုးစီ သရေကျအပြီး ဆုဖလားမျှော်လင့်ချက် မှေးမှိန်သွားခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်သာရဲ့ ဆိုးရွားတဲ့ ကစားပုံက သက်သေပြခဲ့ပါတယ်။ ပြိုင်ပွဲမှု ပြင်းထန်တဲ့ပွဲစဉ်အတွင်း မာတင် တေလာရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် တိုက်စစ်မှူး အီဒူယာဒို ခြေထောင်ကျိုးသွားခဲ့ပြီး ကလစ်ချီရဲ့ ပေးလိုက်ရတဲ့ ပင်နယ်တီကို မက်ဖယ်ဒမ်က ကန်သွင်းကာ ယူနိုက်တက်နဲ့ ဆုဖလားအတွက် ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်တို့  အဖိုးတန်ရမှတ် ၂မှတ်ဆုံးရှုံးခဲ့ရပါတယ်။

ပင်နယ်တီ ပေးလိုက်ရချိန် ဂါးလက်စ်က ဘာမင်ဂမ်ကွင်းဘက်ကိုသွားပြီး စောဒကတက်ခဲ့ကာ ဂိုးဝင်သွားချိန် ပေါက်ကွဲကာ ဆိုင်းဘုတ်ကို ကန်ခဲ့ပြီး ပွဲအပြီးမှာတော့ ကွင်းလယ်မှာ ထိုင်နေခဲ့တာကြောင့် နည်းပြ  အာစင်ဝင်းဂါးက သွားရောက် နှစ်သိမ့်ခဲ့ရပါတယ်။

အသင်းဖော် ဂျန် လေမန်းက ပြန်ပြောပြရာမှာ “ပွဲအပြီးမှာ သူ ကွင်းထဲက ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပြီး စိတ်ကောက်နေတဲ့ ကလေးတစ်ယောက်လို ကွင်းလယ်မှာ ထိုင်နေခဲ့ပါတယ်”“အဝတ်လဲခန်းထဲမှာတော့ ပေါတောတောနိုင်တယ်ဆိုပြီး စွပ်စွဲခဲ့တဲ့ ဂီလ်ဘာတို ဆေးလ်ဗားနဲ့ အချင်းများခဲ့ပါတယ်။ အဲ့ဒီအချင်းများမှုက ရာသီကုန်ထိပဲ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂါလက်စ်ဟာ အဆိုပါ စိတ်အချဉ်ပေါက်မှုအပြီး အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိခဲ့ပေမဲ့ အဝတ်လဲခန်းထဲက တင်းမာမှုအကြောင်းတွေ၊ အောင်မြင်မှုအတွက် လူငယ်တွေက သတ္တိမရှိဘူးလို့ ဝေဖန်ခဲ့တာတွေကို အင်တာဗျူးထဲ ထည့်ပြောခဲ့ပြီးနောက် နိုဝင်ဘာလမှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဖာဘရီဂတ်စ် (၂၀၀၈-၂၀၁၁)
======================
အသက်၂၁နှစ်သာ ရှိသေးသော်လည်း စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်ရဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် ဂါးလက်စ်နေရာမှာ အစားဝင်လာပါတယ်။ ချက်ချင်းဘဲ သူဟာ ဒူးဒဏ်ရာကြောင့် ၄လခန့် အနားယူခဲ့ရပါတယ်။ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်မှာ အသင်းခေါင်းဆောင်အဖြစ် ရှိနေချိန် အကောင်းဆုံးခြေစွမ်းပြတဲ့ ပွဲတွေရှိခဲ့ပါတယ်။

ဥပမာအားဖြင့် ၂၀၀၉ခုနှစ်တွင် ဘလက်ဘန်းကို ၆-၂ဖြင့် နိုင်ရမှာ ၁ဂိုးသွင်း ၄ဂိုးဖန်တီးခဲ့တယ်။ ၂၀၀၉-၁၀ ရာသီအစ အဲဗာတန်ကို ၆-၁ဂိုးဖြင့် နိုင်ရာတွင် ၂ဂိုး ဖန်တီးခဲ့ပါတယ်။သို့သော်လည်း ဒဏ်ရာ မကြာခဏ နှိပ်စက်နေမှုကြောင့် ၂၀၁၀ခုနှစ်တွင် ငယ်မွေးခြံပေါက်ကလပ် ဘာစီလိုနာထံ ပြန်သွားမည်ဟု သတင်းပြေးလာခဲ့သည်။

ဖူလ်ဟမ်နဲ့၂-၂  သရေကျတဲ့ ရာသီအပိတ်ပွဲမှာ အာဆင်နယ် အသည်းအသန်ကန်နေရချိန်တွင် ဖာဘရီဂတ်စ်က စပိန်ရှိ Grandprix ကားပြိုင်ပွဲကို ရောက်ကာ ဓာတ်ပုံတင်ခဲ့တာကြောင့် ပရိသတ်များရဲ့ ဒေါသထွက်ခြင်း ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ နာမည်ကျော်တိုက်စစ်မှူး ဟင်နရီရဲ့ ခြေရာအတိုင်း ဖာဘရီဂတ်စ်ဟာ နူးကမ့်သို့တစ်ကျော့ပြန် ရောက်ခဲ့ပါတယ်။

ရော်ဘင် ဗန်ပါစီ ( ၂၀၁၁-၁၂)
နောက်ထပ်အသင်းခေါင်းဆောင်ခန့်အပ်မှုကလည်း စိတ်ပျက်စရာတစ်ခုသာ ဖြစ်လာပါတယ်။နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီဟာ ၂၀၁၁-၁၂ရာသီတွင် ဖာဘရီဂတ်စ်နေရာ အသင်းခေါင်းဆောင်အဖြစ် ဆက်ခံလာပါတယ်။ အသင်းမှာ အတွေ့အကြုံတွေလည်း ရှိထားသလို ဒုတိယအသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသွင်းဖို့လည်း စိတ်ချရတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် အသင်းခေါင်းဆောင်နေရာဟာ ဗန်ပါစီအတွက် သက်တောင့်သက်သာ ရှိခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဖြစ်လာရာတွင် ဗန်ပါစီရဲ့ခြေစွမ်းက လျော့ကျခြင်း မရှိခဲ့ပါဘူး။ အဆိုပါနှစ်တွင် ပြိုင်ပွဲစုံ ၄၈ပွဲမှာ ၃၇ဂိုးအထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်း တတိယနေရာမှာသာ ရှိနေခဲ့ပြီး အင်္ဂလန်မှာ ဗန်ပါစီဟာ ချန်ပီယံဆု ဆွတ်ခူးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၁၂ ဂျူလိုင်မှာ အာဆင်နယ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းချက်ကို ဗန်ပါစီ ငြင်းပယ်လိုက်ပြီး အဓိကပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထံ ပေါင်၂၂.၅သန်း ပြောင်းရွှေ့ကာ နည်းပြအာဆင်ဝင်းဂါးနှင့် ၎င်းရဲ့အသင်းကို စိတ်ပျက်စေခဲ့ပါတယ်။

ပြိုင်ဘက်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ ခံစားချက် မရှိဘူးလို့ဗန်ပါစီက နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း ဗန်ပါစီကို သစွာဖောက်လို့တောင်  တစ်ချို့က စွပ်စွဲခဲ့ကြပြီး တဖက်မှာ ယူနိုက်တက်တွင် ဗန်ပါစီဟာ နောက်တစ်ကြိမ် ရွှေဖိနပ်ဆုရကာ ၂၀၁၂ အမှတ်ပေးဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

သောမက်စ်ဗာမေလန်
===============
အာဆင်နယ်မှာ ၃ နှစ်ကစားခဲ့သလို ဗန်ပါစီရဲ့နောက် ဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဗာမေလန်ဟာ အသင်းခေါင်းဆောင်ရာထူးကို ဘာပြဿနာမှမရှိပဲ ရယူလိုက်ပါတယ်။ ဒဏ်ရာပြဿနာတွေမနှိပ်စက်ခင် ဘယ်လ်ဂျီယံသားဟာ ၂၀၁၂ - ၁၃ ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၃ - ၁၄ ရာသီမှာတော့ ဒူးဒဏ်ရာကြောင့် ဗာမေလန်တစ်ယောက် အတိုင်းအတာတစ်ခုအထိ သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက သူ့ရဲ့အားထုတ်မှုကို အားပေးခဲ့တာကတော့ ရှက်ဖွယ်ရာတစ်ခုဖြစ်စေပါတယ်။ ၂၀၁၄ မှာ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားကို ၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ရရှိခဲ့ကာ ဟူးလ်စီးတီးနဲ့ပွဲမှာ လူစားဝင်ကစးခွင့်မရသေးပဲ အာတီတာက ဝင်ဘာလေမှာ အသင်းကို ဦးဆောင်ခဲ့ရပါတယ်။

အဲ့နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ ဗာမေလန်တစ်ယောက် နွေရာသီမှာ ပေါင် ၁၅ သန်းနဲ့ ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပါတယ်။

အာတီတာ
=============
၂၀၁၁ မှာ အဆင်နယ်ကစားသမားဖြစ်လာပြီးနောက် ယုံကြည်မှု ၊ အတွေ့အကြုံရှိမှုက ဗာမေလန်ထွက်ခွာမှုနဲ့အတူ အာတီတာက အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဓိကပြဿနာတစ်ခုလည်းရှိနေပါတယ်။ အာတီတာရဲ့အသက်ဟာ ၃၂ နှစ်ရှိနေပြီး ကစားသမားဘ၀ နေဝင်ချိန်ကိုရောက်နေကာ အသင်းမှာ အတိုင်းအတာတစ်ခုအထိသာ ပါဝင်နိုင်တာဖြစ်ပါတယ်။

အာတီတာဟာ ကြံ့ခိုင်မှုပြဿနာကြောင့် ၂၀၁၄ - ၁၅ ရာသီမှာ ၁၂ ပွဲ နဲ့ နောက်တစ်ရာသီမှာ ၁၄ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။  သို့ပေမယ့် လက်ရှိနည်းပြနေရာမှာတော့ အာတီတာဟာ off the field မှာ ဟက်တာ ဘယ်လာရင်လို လူငယ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ကြောင်းပြသခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၅ တုန်းက ဖိုင်ယန်မှာ အက်စ်တွန်ဗီလာကို ၄ ဂိုးပြတ်နဲ့အနိုင်ယူပြီး  အက်ဖ်အေဖလားရရှိခဲ့ကာ အာတီတာကတော့ လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ ဝင်ဘာလေမှာ မာတီဆက်ကာနဲ့အတူ ဆုဖလားတက်မြှောက်ခဲ့ပါတယ်။

ပါးမာတီဆက်ကာ
=============
၂၀၁၆ မှာ အာတီတာတစ်ယောက် အနားယူသွားခဲ့တဲ့အချိန်မှာ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး လွဲခချော်ခဲ့ပေမယ့် မာတီဆက်ကာဟာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ မာတီဆက်ကာတစ်ယောက် အသင်းခေါင်းဆောင်ဖြစ်လာပြီးနောက် အာစင်း နဲ့ အာဆင်နယ်မှာရှိတဲ့လူတိုင်းက လေးစားမှုကိုပြသခဲ့ကြတာဖြစ်ပါတယ်။

"ဝင်းဂါးက ကျွန်တော်ဘယ်လောက်နားရလဲဆိုတာသိပါတယ်။ ဒါပေမယ့် သူဟာ ကျွန်တော့်ကို အသင်းရဲ့ပြယုဂ်အဖြစ်မြင်တယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ဦးစားပေးရွေးချယ်မှုလို့လည်း ပြောပါတယ်။ အခုလိုဒဏ်ရာရနေတဲ့အချိန်ကြီးမှာ အသင်းခေါင်းဆောင်ရာထူးပေးတာကို ကျွန်တော်အရမ်းအံ့သြခဲ့ရပါတယ်။ အဲ့လိုဖြစ်လာမယ်လို့ မထင်မိတာပါ"လို့ မာတီဆက်ကာက Daily Telegraph သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မာတီဆက်ကာဟာ တစ်ရာသီလုံး ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့အက်ဖ်အေဖလားဖိုင်နယ်ပွဲမှာပါဝင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် အက်ဖ်အေဖလား ကိုင်မြှောက်ခဲ့ပါတယ်။ ၂၀၁၇ - ၁၈ ရာသီမှာ ပုံစံကောင်းပြန်ရပြီး ပွဲထွက်ခွင့်တွေရခဲ့ပေမယ့် မာတီဆက်ဟာ ကွင်းတွင်းခေါင်းဆောင်ထက် အသင်းရဲ့ပြယုဂ်အဖြစ်သာ ပိုလူသိများခဲ့ပါတယ်။

လောရင့်ကိုစီရယ်နီ(၂၀၁၈-၁၉)
===========
ဝင်းဂါးက အူနိုင်းအမ်မရီအတွက် လမ်းဖောက်ပေးခဲ့သလို အသင်းခေါင်းဆောင် လက်ပတ်ကိုလည်း မာတီဆက်ကာရဲ့ တွဲဖက်ခံစစ်မှူး လောရင့်ကိုစီရယ်နီဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အမ်မရီက အသင်းခေါင်းဆောင်ရွေးချယ်ရာမှာ ဒီမိုကရေစီကျကျ ရွေးချယ်လိုပြီး ပီတာချက်၊ အာရွန်ရမ်ဆေး၊ မီဆွန်အိုဇေးလ်နဲ့ ဂရင်းနစ်ဇာခါတို့ကိုလည်း အသင်းကို ဦးဆောင်စေခဲ့ပါတယ်။

အဓိကအကြောင်းပြချက်တစ်ခုကတော့ ဖနောင့်ကြောဒဏ်ရာကြောင့် ပထမရာသီဝက်ရဲ့ ပွဲချိန်အများစုကို ကိုစီရယ်နီက လွဲချော်ခဲ့လို့ပါပဲ။ ပြင်သစ်သား ပြန်ကစားနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ အဆင့် ၅ နေရာပဲ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ထုံးစံအတိုင်း ကိုစီရယ်နီကို အမေရိကန်မှာ ပြုလုပ်မယ့် ရာသီကြိုခြေစမ်းပွဲ ခရီစဉ်းကို လိုက်ပါခွင့်မပေးခဲ့ပဲ အသင်းကထွက်ခွာဖို့ ဖိအားပေးခဲ့တာကြောင့် နောက်ဆုံးမှာ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဂရင်းနစ်ဇာခါ (၂၀၁၉)
========
အသင်းခေါင်းဆောင် လက်ပတ်ကို အလှည့်ကျပေးအပ်ခဲ့ပြီးနောက်မှာ မဲပေးစနစ်နဲ့ အဓိကအသင်းခေါင်းဆောင်ကို ရွေးချယ်ဖို့ အမ်မရီဆုံးဖြတ်ခဲ့ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူဟာ ၂၀၁၆ ကတည်းက အာဆင်နယ်ကို ရောက်ရှိနေသူဖြစ်ပြီး အူဘာမီယန်း၊ လာကာဇက်တီ၊ အိုဇေးလ်နဲ့ ဟတ်တာဘယ်လာရင်တို့ ပါဝင်တဲ့ အသင်းခေါင်းဆောင် အစုအဖွဲ့ထဲမှာ မဲအများဆုံးနဲ့ အဓိကအသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကို ရရှိခဲ့ပြီးနောက် အသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် သူ့ရဲ့ခေါင်းဆောင်မှုက ၁ လခန့်သာ ကြာမြင့်ခဲ့ပြီး အရာအားလုံးဟာ အံ့သြစရာကောင်းလောက်အောင် ပြောင်းပြန်အနေအထား ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာလတုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန် ၆၁ မိနစ်မှာ ဇာခါလူစားလဲခံရတော့ ပရိသတ်တွေက အော်ဟစ်အားပေးခဲ့ကြပြီး ကွင်းထဲကထွက်ခွာနေတဲ့ ဇာခါကိုလည်း ဝိုင်းလှောင်ခဲ့ကြပါတယ်။

သူ့ရဲ့တုံ့ပြန်ပုံကတော့ အကောင်းဆုံးအနေအထား မဟုတ်ခဲ့တာ သေချာပါတယ်။ ပရိသတ်ကို ပြန်ရွဲ့တဲ့ ပုံစံမျိုးတွေ ပြုလုပ်ခဲ့သလို၊ “ f*** off ” ဆိုပြီးတော့လည်း နှစ်ကြိမ်လောက် ဆဲခဲ့ပါသေးတယ်။ ဝတ်ထားတဲ့ ဂျာစီကိုပါ ချွတ်ပြီးအဝတ်လဲခန်းထဲကို တန်းထွက်သွားခဲ့ပါတယ်။ အမ်မရီကတော့ ဇာခါရဲ့ အမူအရာကို ဝေဖန်ဖို့ငြင်းဆန်ခဲ့ပေမယ့် ဒီအမူအရာကတော့ မှားယွင်းကြောင်းတော့ ပြောခဲ့ပါတယ်။ ဒီကိစ္စကို ကစားသမားကိုယ်တိုင် တွစ်တာမှာ ရှင်းခဲ့ပြီး ပရိသတ်တွေက သူ့ရဲ့ခံစားချက်ကို နားမလည်ကြောင်းနဲ့ ကွင်းထဲမှာရော၊ ဆိုရှယ်မီဒီယာမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ အပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေပါ ရှိခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဇာခါက သူ့ရဲ့အပြုအမူတွေအတွက် ပြန်လည်တောင်းပန်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ရာထူးကနေ တစ်လတည်းနဲ့ ဖြုတ်ခံလိုက်ရပြီး အသင်းကနေ ထွက်ခွာတော့မယ့် သတင်းတွေလည်း မကြာခဏဆိုသလို ထွက်ခဲ့ပါသေးတယ်။