The network connection is lost.

Banner Image

အာဆင်နယ်က ချန်ပီယံလိဂ်မှာပုံစံကောင်းပြဖို့ ဖိအားမရှိဘူးလို့ဆိုလာတဲ့ အာတီတာ

ပီအက်စ်ဗွီနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ပုံစံကောင်းပြသဖို့အတွက် ဖိအားမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပထမအကျော့နယ်သာလန်မြေမှာ ပီအက်စ်ဗွီကို ၁-၇ နဲ့ဂိုးပြတ်အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ဖို့က သေချာသလောက်ဖြစ်နေပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ဟာ ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ရမှတ်တွေတောက်လျှောက်လျော့ကျထားပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၁၅ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေလည်း ထွက်ခွာထားခဲ့ရပါတယ်။ 

ချန်ပီယံလိဂ်က ဒီရာသီအာဆင်နယ်ရဲ့ နောက်ဆုံးဆုဖလားမျှော်လင့်ချက်ဖြစ်လာနိုင်သလားလို့ မေးမြန်းခဲ့ရာ အာတီတာက "ဒီပြိုင်ပွဲက ကျွန်တော်တို့စိတ်အားထက်ထက်သန်သန်နဲ့ ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲပါ။ စွမ်းအင်တွေအကုန်သုံးပြီး အကောင်းဆုံးကစားနေပါတယ်။ မနက်ဖြန်ပီအက်စ်ဗွီနဲ့ပွဲမှာ ထပ်နိုင်ခဲ့မယ်ဆိုရင် အသင်းက ကောင်းမွန်တဲ့အဆင့်တစ်ခုကိုရောက်သွားမှာပါ။ ကျွန်တော်တို့မှာ ဖိအားမရှိပါဘူး။ ဘောလုံးမှာက အမြဲတမ်းထိပ်ဆုံးကိုရောက်ဖို့နဲ့ ဆုဖလားတွေဆွတ်ခူးဖို့ဆိုတာ ပရိသတ်တွေရဲ့ အလိုဆန္ဒပါပဲ။ ဒါကို ကျွန်တော်တို့ သတိပြုမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဗွီကို ကျော်ဖြတ်ပြီးပါက အာဆင်နယ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး အာတီတာက "ကျွန်တော် ရီးရဲလ်နဲ့ အက်သလက်တီကိုတို့အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူတို့က အရမ်းကောင်းတဲ့အသင်းတွေပါ။ ဒါကြောင့် ဘယ်အသင်းနဲ့တွေ့ရင် ဘယ်လိုကစားရမယ်ဆိုတာ ခေါင်းထဲထည့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဗွီနဲ့ပွဲမှာ အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေးတွေကို ထည့်သွင်းအသုံးပြုဖို့ စီစဉ်ထားကြောင်းကိုလည်း စပိန်သားနည်းပြက "လူငယ်တွေကို အသုံးပြုနိုင်သလောက် အသုံးပြုသွားပါမယ်။ သူတို့က အသင်းကို အကူအညီတွေပေးနိုင်ကြပါတယ်။ ကစားသမားတွေကို ကျေးဇူးတင်တယ်လို့ပြောမယ့်အစား အသင်းမှာ ကစားခွင့်ပေးလိုက်တာက သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။