အာဆင်နယ်စတားရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက စနေနေ့မှာကန်မယ့် ဘရိုက်တန်နဲ့ပွဲမတိုင်ခင် ကိုင်ဟာဗက်ဇ်ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လီဗာပူးအသင်းနဲ့ ၃ မှတ်အကွာအနေအထားကိုရောက်နိုင်ဖို့ ဘရိုက်တန်ကိုအနိုင်ကန်ရမှာဖြစ်ပါတယ်။
နှစ်သစ်အစတုန်းက ဘရန့်ဖို့ဒ်ကိုနောက်ကနေလိုက်ကစားပြီး အာဆင်နယ်တို့အနိုင်ရခဲ့ပေမယ့် ကိုင်ဟာဗက်ဇ်တော့ အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် တိုက်စစ်ကို ဂျီးဆပ်စ်က ဦးဆောင်လာခဲ့ရပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ ပဲလေ့စ် ၊ အစ်ဝှစ်တို့ကိုအနိုင်ရခဲ့တဲ့ပွဲမှာလည်း တိုက်စစ်အစား ကွင်းလယ်မှာသာ ပါဝင်လာခဲ့ပါတယ်။
ဆာကာမပါဝင်နိုင်တဲ့အပြင် စတာလင်ကလည်း မသေချာသေးတာကြောင့် အာဆင်နယ်အနေနဲ့ ညာတောင်ပံနေရာက ခေါင်းစားဖွယ်ရှိနေပါတယ်။ စတာလင်ကတော့ ဒူးဒဏ်ရာကြောင့် အာဆင်နယ်ရဲ့နောက်ဆုံး ၃ ပွဲကို လွဲချော်ထားခဲ့ပါတယ်။ “သူ(စတာလင်)က ကွင်းထဲတော့ ပြန်လာနိုင်ပါပြီ။ လာမယ့်အပတ်မှာ သူ့အခြေအနေကို စောင့်ကြည့်ရပါမယ်”လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ တင်းဘားမပါဝင်နိုင်မှုကြောင့် ညာနောက်ခံလူနေရာကို ပါတေးနဲ့ အစားထိုးရဖို့များနေပါတယ်။
တိုမီယာဆု နဲ့ ဘင်ဝှိုက်တို့ကလည်း ကာလရှည်နားနေရတာကြောင့် အာဆင်နယ်အနေနဲ့ ညာခြမ်းမှာပြဿနာရှိနေတာဖြစ်ပါတယ်။ “ဘင်က ရက်သတ္တပတ်အနည်းငယ်လောက်နားရဦးမှာပါ။ တိုမီလည်း ပြန်လာနိုင်ဖို့ ကြာဦးမှာပါ။ အဲ့တာက ကာလရှည်ဒဏ်ရာအခြေအနေပါ။ အခုတော့ ကျွန်တော်တို့ သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။
ဘင်ကတော့ မကြာခင်မှာ ပြန်လာနိုင်တော့မှာပါ။ ဒါပေမယ့် သူအသင်းနဲ့မပူးပေါင်းသေးပါဘူး။ ဒူးအခြေအနေက အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ဆောင်ရမှာတွေရှိနေပါသေးတယ်။ သူအစောဆုံးပြန်လာနိုင်မယ်လို့ ကျွန်တော် အကောင်းမြင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။