The network connection is lost.

Banner Image

အာဆင်နယ်စတားရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

ပဲလေ့စ်အသင်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ ဆာကာကိုလူစားလဲခဲ့တာနဲ့ပတ်သက်ပြီး အာတီတာက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပဲလေ့စ်အသင်းကို ကစားသမားဟောင်း အီဇီးရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ဆာကာကိုလူစားလဲခဲ့တာဟာ အဖျားဝေဒနာကြောင့် စောစီးစွာလူစားလဲခဲ့တာလို့ ပြောကြားလိုက်ပါတယ်။

ဆာကာဟာ လန်ဒန်ဒါဘီပွဲမှာ ပွဲထွက်ကစားခဲ့ပေမယ့် ပွဲကစားချိန် ၆၆ မိနစ်မှာတော့ မာတီနယ်လီနဲ့ လူစားလဲခံခဲ့ရပါတယ်။ အင်္ဂလန်သားဟာ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အတွက် ဒီရာသီလိဂ် ၉ ပွဲ ၆ ပွဲကိုပွဲဦးထွက်ပါဝင်ကစားထားပါတယ်။ အာတီတာကိုယ်တိုင်က အသက် ၂၄ နှစ်သားဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင်ကတည်းက အဖျားဝေဒနာခံစားနေရတာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နိုင်ပွဲအပြီး အာတီတာက ဆာကာကိုလူစားလဲခဲ့တာနဲ့ပတ်သက်ပြီး “သူဖျားနေတာပါ။ လေ့ကျင့်ခန်းလည်း ကောင်းကောင်းမဆင်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ သူကြံ့ခိုင်မှုပြည့်ဝနေလားဆိုတာ မသိပါဘူး။ သူပါဝင်နိုင်တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့အားရစရာပါ။ ဆရာဝန်တွေကလည်း ကျွန်တော်တို့ကို သေချာလေးလမ်းပြခဲ့သလို သူ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါကြောင့် သူမိနစ်အနည်းငယ်လောက်အဆင်ပြေပြေကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်ကြာလာတော့ သူမောပန်းလာပြီး ဒဏ်ရာပြဿနာရှိလာနိုင်တာကြောင့် အရဲမစွန့်ပဲ လူစားလဲလိုက်တာပါ”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ ဆာကာဟာ ဒီရာသီလိဂ်ဂိုး ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဖူလ်ဟမ် ၊ တီကို ၊ ပဲလေ့စ်တို့ကိုအနိုင်ရခဲ့တဲ့ပွဲတွေမှာ တိုက်ရိုက်ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။ ဆာကာတစ်ဦးတည်းတင် ပဲလေ့စ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရတာမဟုတ်ပဲ ဆာလီဘာလည်း ပထမပိုင်းအပြီး ဒုတိယပိုင်းအစမှာမော့စကွယ်ရာနဲ့ လူစားလဲခဲ့ရပါတယ်။

ဆာလီဘာ ၊ ရိုက်စ် ၊ ကာလာဖီအိုရီတို့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “ဝီလီကို ပထမပိုင်းအပြီးမှာ လူစားလဲလိုက်ရပါတယ်။ ဒီကလန်လည်း အတူတူပါပဲ။ အဲ့နောက် ရီဆီပါ။  သူတို့အခြေအနေ ဘယ်လိုလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အခုကြားရက်မှာ ဘရိုက်တန်နဲ့ ကာရာဘောင်ပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် ဘန်လေအသင်းနဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာလည်း အာဆင်နယ်ဟာ ၃ ပွဲဆက်အနိုင်ရရှိထားပြီး နောက်အပတ်မှာ ၄ ပွဲမြောက်အဖြစ် ပရာဟာနဲ့ ကစားရမှာဖြစ်ပါတယ်။ အဲ့နောက် နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဆန်းဒါးလန်းအသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။ လာမယ့်လမှာ အာဆင်နယ်ဟာ ပွဲကျပ်တွေရင်ဆိုင်ရမှာဖြစ်ပြီး ဘိုင်ယန်ကို ချန်ပီယံလိဂ်မှာ မရင်ဆိုင်ခင် တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲဆင်နွှဲရမှာဖြစ်ပါတယ်။ အာတီတာကတော့ ဆာကာ ၊ ဆာလီဘာ ၊ ရိုက်စ် နဲ့ ကာလာဖီအိုရီတို့အခြေအနေ အရမ်းမဆိုးဝါးဖို့ မျှော်လင့်နေကာ ဆာကာကတော့ လာမယ့်ဘရိုက်တန်နဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိနေပါတယ်။