
ဆက်စ်ကို ကိုခေါ်ယူနိုင်ဖို့ ပေါင်သန်း ၉၀ ကျော်အထိ သုံးစွဲရနိုင်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကို အင်အားဖြည့်တင်းဖို့အတွက် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ပစ်မှတ်ထားစောင့်ကြည့်နေပြီး သတင်းတွေအရ ကစားသမားကိုခေါ်ယူနိုင်ဖို့ ပေါင် ၉၂.၅ သန်းအထိ သုံးစွဲရနိုင်တယ်လို့ သိရပါတယ်။
ဖလားလက်မဲ့နဲ့ ၂၀၂၄-၂၅ ရာသီကိုဖြတ်သန်းခဲ့ရတဲ့ အာဆင်နယ်အနေနဲ့ နောက်ရာသီမှာတော့ ဆုဖလားတွေကို ပြန်လည်စိန်ခေါ်နိုင်ဖို့ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းသွားရမှာဖြစ်ပါတယ်။ မီခေးလ်အာတီတာရဲ့အသင်းဟာ ဆက်စ်ကိုသာမက စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုလည်း ချဲလ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဂျာမနီသတင်းတွေအရတော့ အာဆင်နယ်ဟာ ဆက်စ်ကိုကို ခေါ်ယူနိုင်ဖို့သာ အဓိကတွန်းအားပေးလုပ်ဆောင်နေပြီး အလားအလာရှိတဲ့ ဆွေးနွေးမှုတစ်ခုကို လိုက်ပ်ဇစ်နဲ့ စတင်ပြုလုပ်နေပြီလို့သိရပါတယ်။ The Telegraph သတင်းဌာနကတော့ ဘွန်ဒက်စ်လီဂါကလပ်ဟာ ဆက်စ်ကိုအတွက် ပေါင် ၉၂.၅ သန်းအထိ တောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အတွက် စုစုပေါင်း ၄၅ ပွဲကစားပြီး ၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် အသင်းက အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှသာရပ်တည်နိုင်ခဲ့တာကြောင့် နောက်ရာသီ ဥရောပပြိုင်ပွဲနဲ့ လွဲချော်သွားမှာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အနေနဲ့ ဆက်စ်ကိုကိုရောင်းချဖို့ လမ်းဖွင့်ထားပြီး အသင်းရဲ့ အားကစားဒါရိုက်တာ မာဆဲလ်စကာဖာကလည်း အာဆင်နယ်ရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လိုနေတယ်လို့သိရပါတယ်။
ဆလိုဗေးနီးယားလက်ရွေးစင်လည်းဖြစ်တဲ့ ဆက်စ်ကိုဟာ ၂၀၂၃ ခုနှစ်မှာ ဆဲလ်ဘတ်မှ လိုက်ပ်ဇစ်သို့ ယူရို ၂၄ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅ သန်းနဲ့အတူ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ ယခုလအစောပိုင်းက အနာဂတ်မှာဘာတွေဖြစ်လာမလဲလို့ မေးမြန်းခဲ့ရာ ဆက်စ်ကိုက "ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့သိရမှာပါ။ အသင်းကလည်းလမ်းဖွင့်ပေးထားတော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်" လို့ပြန်လည်ဖြေကြားထားပါတယ်။
လက်ရှိအချိန်မှာ လိုက်ပ်ဇစ်ဟာ ရာသီကြိုခြေစမ်းခရီးစဉ်အတွက် ဘရာဇီးသို့ ထွက်ခွာသွားမှာဖြစ်ပြီး အဆိုပါခရီးစဉ်ကိုတော့ ဒူးဒဏ်ရာရထားတဲ့ ဆက်စ်ကိုတစ်ယောက် လိုက်ပါနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။