
ဘရာဇီးစတားတစ်ဦးကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ အခုလာမယ့်နွေရာသီမှာ ဘရိုက်တန်စတား ဂျာအိုပက်ဒရိုကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပက်ဒရိုဟာ ၂၀၂၃ ဝက်ဖို့ဒ်ကနေ ဘရိုက်တန်ထံပြောင်းလာပြီးကတည်းက အသင်းအတွက် ၇၀ ပွဲမှာ ၃၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အလားအလာအရှိဆုံးပရီးမီးယားလိဂ်လူငယ်စတားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
၂ နှစ်တာကာလအတွင်းမှာ ပက်ဒရိုဟာ နေရာစုံမှာကစားနိုင်စွမ်းရှိတာကို ပြသထားနိုင်ခဲ့ပြီး တိုက်စစ်မှူးအပြင် တောင်ပံ ၂ ဖက်ကော နံပတ် ၁၀ နေရာမှာပါ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုက်တန်ရဲ့လူသစ်ခေါ်ယူမှုဟာ လူငယ်ခြေတက်တွေကိုခေါ်ယူပြီး အလစ္စတာ ၊ ကိုင်စီဒို ၊ ကူကူရယ်လာ ၊ ဘစ်ဆူးမား နဲ့ ထရိုဆက်တို့ကို ဈေးကြီးကြီးနဲ့ရောင်းချခဲ့တဲ့အစဉ်အလာရှိခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာလည်း ဘရိုက်တန်တာဝန်ရှိသူတွေဟာ ပက်ဒရိုကို မြင့်မားတဲ့တန်ကြေးရမယ်ဆို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ပက်ဒရိုကို စိတ်ဝင်စားနေဆဲဖြစ်ပြီး အာဆင်နယ်ရဲ့အားကစားဒါရိုက်တာ ဘာတာကတော့ တိုက်စစ်ပိုင်းနေရာအတွက် ယိုကရက်စ် ၊ ဆက်စ်ကို ၊ ဒီလပ် နဲ့ နီကိုဝီလီယံတို့ကို ပစ်မှတ်ထားနေပါတယ်။
တကယ်လို့ ပက်ဒရိုကို အာဆင်နယ်အနေနဲ့ ခေါ်ယူချင်တယ်ဆိုရင် လီဗာပူး ၊ ချဲလ်ဆီးတို့နဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။ ဘရိုက်တန်ဘက်ကတော့ သူတို့ဝယ်ယူခဲ့တဲ့ပေါင်သန်း ၃၀ ထက်ပိုတဲ့တန်ကြေးတစ်ရပ်တောင်းဆိုဖွယ်ရှိနေပါတယ်။ ဘရာဇီးအသင်းအတွက် ၃ ပွဲပါဝင်ကစားပေးထားတဲ့ ပက်ဒရိုဟာ ဘရိုက်တန်နဲ့ ၂၀၂၉ အထိစာချုပ်သက်တမ်းကျန်ရှိနေပါတယ်။
အခုရာသီအစောပိုင်းတုန်းကလည်း ဘရိုက်တန်နည်းပြဟောင်း ပိုယက်က အာဆင်နယ်အနေနဲ့ ပက်ဒရိုကိုခေါ်ယူသင့်ပြီး ဘရာဇီးသားက အာတီတာလိုချင်နေတဲ့ကစားသမားမျိုးလို့ ထောက်ပြခဲ့ပါတယ်။ “ဂျာအိုက အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ဘယ်အသင်းမှာမဆိုကစားနိုင်ပါတယ်။ ကျွန်တော် ဘရိုက်တန်နည်းပြ ဟာဇီလာနဲ့ ဂျာမနီမှာ စကားပြောဖြစ်ခဲ့ပါတယ်။ ဂျာအိုတစ်ယောက် သူ့လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းပြသနေတာနဲ့ပတ်သက်ပြီး မအံ့သြမိပါဘူး။
သူက နေရာစုံမှာ ကစားနိုင်ပါတယ်။ အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကိုလည်း ဖြည့်ပေးနိုင်လောက်ပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားပါ”လို့ ပိုယက်က ပြောကြားခဲ့ပါတယ်။