The network connection is lost.

Banner Image

ဆေးစစ်မှုခံယူဖို့အတွက် လေကြောင်းခရီးစဉ်ဖြင့် လီဗာပူးဆီ ရောက်ရှိလာတဲ့ ဆမ်မြူရယ်မာတီနက်ဇ်

လီဗာပူးအသင်းပစ်မှတ်ဆမ်မြူရယ်မာတီနက်ဇ်က အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အခုသီတင်းပတ်အတွင်း ဆေးစစ်မှု ခံယူပါတော့မယ်။

ဒီနှစ်အစောပိုင်း၊ တောင်အမေရိက ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကိုလံဘီယာအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းက အလျှင်အမြန်ပဲ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ သူက အဲ့ဒီပြိုင်ပွဲကာလ၊ ခြောက်ပွဲကစားရာမှာ ငါးပွဲကို ပွဲထွက်ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်နိုင်ခဲ့သလို ဆုဖလားအောင်ပွဲပါ ရယူခဲ့ပါတယ်။

အပြောင်းအရွှေ့သတင်းထွက်ပေါ်ပြီး တစ်လအကြာမှာတော့ အသက် ၁၇ နှစ်အရွယ် မာတီနက်ဇ်ကိုယ်တိုင် သူ့ရဲ့မိသားစု၊ အေးဂျင့်ဒန်နီရယ်နျူမူလာတို့နဲ့အတူ လီဗာပူးဆီ ခရီးထွက်လာပြီလို့ သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘတ်ချ်က ဖော်ပြခဲ့ပါတယ်။

"ဆမ်မြူရယ်မာတီနက်ဇ်က ဆေးစစ်မှုခံယူဖို့ လီဗာပူးဆီ လာနေပါပြီ။ သူ့ရဲ့အေးဂျင့်ဒန်နီရယ်နျူမူလာလည်း အတူပါလာပါတယ်။ အသက် ၁၇ နှစ်အရွယ်ထူးချွန်ကွင်းလယ်ကစားသမားက ပြောင်းရွှေ့ကြေး ဒေါ်လာတစ်သန်းအပြင် ပြန်လည်ရောင်းချမှုမှ အကျိုးအမြတ်ခွဲဝေခံစားခွင့် ပါဝင်တဲ့ သဘောတူညီမှုနဲ့အတူ လီဗာပူးဆီ ပြောင်းရွှေ့လာပါလိမ့်မယ်။ ဆေးစစ်မှုပြီးမြောက်တာနဲ့ မာတီနက်ဇ်က ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖို့ရှိနေပြီး လာမယ့်နှစ်၊ ဧပြီ ၅ ရက်၊ အသက် ၁၈ နှစ်ပြည့်မြောက်ချိန် လီဗာပူးအသင်းဆီ တရားဝင်ပူးပေါင်းသွားပါမယ်" လို့ ပလက်တန်ဘတ်ချ်က ရေးသားခဲ့ပါတယ်။

သတင်းတွေအရ ဒီအပြောင်းအရွှေ့ရဲ့တန်ကြေး ပေါင် ၇ သိန်း ၄ သောင်းဝန်းကျင် ရှိမယ်လို့ သိရပါတယ်။ မာတီနက်ဇ်က လီဗာပူးအသင်းရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခေါ်ယူထားတဲ့ နိုအာ အဒီကိုယာ၊ အန်ဒီယာရီနဲ့ သြစတြီးယားလူငယ်ကြယ်ပွင့် အီဖီယန်ယီ အင်န်ဒွက်ကွီတို့ရဲ့နောက်မှာ နောက်ဆုံးထွက်ပေါ်လာတဲ့ လူငယ်ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။

အခက်အခဲတစ်ခုကတော့ ဖီဖာရဲ့စည်းမျဉ်းတွေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ အပြောင်းအရွှေ့ အတည်ဖြစ်နိုင်လို့ လီဗာပူးအသင်းအတွက် ကစားသမားကိုခေါ်ယူဖို့ တစ်နှစ်လောက် စောင့်ဆိုင်းသွားရမယ့် အချက်ပါပဲ။ အဲဒီအချိန်အထိတော့ မာတီနက်ဇ်က လက်ရှိကစားနေတဲ့ Atlético Nacional အသင်းရဲ့ ယူ-၂၀ အသင်းမှာပဲ ဆက်လက်ရှိနေပါဦးမယ်။