The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် နော်ဂတ်ကိုခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ကြိုးစားနေပြီး ယခုအခါမှာတော့ ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် ခရစ်ရှင်နော်ဂတ်ကိုခေါ်ယူဖို့ သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။ Standard Sport သတင်းဌာနရဲ့အဆိုအရ ဘရန့်ဖို့ဒ်ဟာ အာဆင်နယ်ရဲ့ပေါင် ၉.၃ သန်းတန် ကမ်းလှမ်းချက်ကို ဗုဒ္ဓဟူးနေ့မှာသဘောတူညီခဲ့တယ်လို့သိရပြီး နော်ဂတ်ကလည်း နောက်ရာသီချန်ပီယံလိဂ်ကစားရဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

အသက်-၃၁ နှစ်အရွယ်ကွင်းလယ်လူကို တော့တင်ဟမ်ကလည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားဟာ အာဆင်နယ်ကိုသာရွေးချယ်ခဲ့ပြီး ယခုအခါမှာတော့ ဆေးစစ်မှုတွေစတင်ပြုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကမှ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်အထိတိုးမြှင့်ထားခဲ့တဲ့ နော်ဂတ်ဟာ အသင်းမှာ ၆ နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ဘောလုံးရာသီမှာ စုစုပေါင်း ၃၄ ပွဲအထိပါဝင်ကစားကာ ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ဖီအိုရင်တီးနားကစားသမားဟောင်းဟာ တော့တင်ဟမ်သို့ပြောင်းရွှေ့သွားတဲ့ နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်နောက်ကိုလိုက်ဖို့ နီးစပ်ခဲ့ပေမယ့် အာဆင်နယ်က လက်ဦးမှုရယူပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ လက်ရှိအာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ ဇွန်လအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သစ်ထပ်မံချုပ်ဆိုဖွယ်မရှိတာကြောင့် အမ်းမရိတ်စ်မှထွက်ခွာသွားတော့မယ်လို့သိရပါတယ်။ 

အာဆင်နယ်အနေနဲ့ ပါတေးကို လစာလျှော့ယူပြီး အသင်းမှာဆက်နေဖို့တိုက်တွန်းထားပေမယ့် ကစားသမားဘက်ကတော့ အဆိုပါဆွေးနွေးမှုကို သဘောတူညီသွားဖွယ်မရှိပါဘူး။ ဒါကြောင့် နည်းပြမီခေးလ်အာတီတာအနေနဲ့ နော်ဂတ်ကိုအမိအရခေါ်ယူပြီး ကွင်းလယ်ကို ကြိုတင်အင်အားဖြည့်တင်းထားခဲ့တာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ ယခုလအစောပိုင်းက အသင်းမှထွက်ခွာပြီး ဖလာမင်ဂိုသို့ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနေရာမှာ အစားထိုးဖို့အတွက် ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် မာတင်ဇူဘီမန်ဒီကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ဥရောပထိပ်တန်း ဗဟိုတိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖို့ကြိုးစားနေပါတယ်။