
လီဗာပူးရဲ့ချန်ပီယံလိဂ်တိုက်ပွဲကို ရီးရဲလ်မက်ဒရစ်နဲ့နှိုင်းယှဉ်သုံးသပ်ပြခဲ့တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က လာမယ့်သီတင်းပတ်၊ သူတို့အသင်းရဲ့ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်ခင် ရီးရဲလ်မက်ဒရစ်ရဲ့ထပ်ခါတလဲလဲအောင်မြင်မှုရယူနိုင်စွမ်းကို ကိုးကားကာ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ပါရီမြေမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပထမအကျော့ပွဲစဉ်အတွင်း ကြိုးကြာနီတွေက ပြိုင်ဘက်ပီအက်စ်ဂျီရဲ့ဖိအားပေးမှုတွေအောက် အတော်လေးရုန်းကန်ခဲ့ရပြီး ဂိုးသမားအလီဆင်ဘက်ကာရဲ့ ရွေရောင်လက်စွမ်းနဲ့အတူ ပါရီသားတွေကို တွန်းလှန်နိုင်ဖို့အတွက် ခွန်အားတစ်ရပ် ရရှိခဲ့ပါတယ်။
အဲ့ဒီပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ အီလီယော့က အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့လို့ အန်ဖီးလ်ကွင်းမှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် လီဗာပူးတို့ ပြိုင်ဘက်ကို အနည်းငယ်အသာစီးရယူထားနိုင်ခဲ့ပါတယ်။ အန်းစလော့ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရချိန်မှာ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့မြို့တော်မှာ ဂိုးပြတ်ရှုံးပွဲမတွေ့ခဲ့တာ အတော်လေးကံကောင်းတယ်လို့ ရှင်းပြခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက ရလဒ်ရဲ့အရေးပါမှုကို ရှင်းရှင်းလင်းလင်းပြောပြခဲ့ပေမယ့် ဥရောပအဆင့်ပွဲစဉ်တွေကို ရီးရဲလ်မက်ဒရစ်ရဲ့တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်စွမ်းဟာ အလွန်ရှင်းလင်းတိကျလွန်းတယ်လို့ ယုံကြည်နေပါတယ်။ အန်းစလော့က “ လိဂ်ပွဲစဉ် ၃၈ ခုလုံး (သို့မဟုတ်) ချန်ပီယံလိဂ်ပွဲစဉ်အကုန်လုံးကို အရမ်းကောင်းအောင်ကစားနိုင်တယ်ဆိုတဲ့အသင်း မရှိပါဘူး။ ဒီအတွက် အကောင်းဆုံးဥပမာတွေအနက် တစ်ခုကတော့ ရီးရဲလ်မက်ဒရစ်အသင်းပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းက အရမ်းကောင်းအောင်ကစားနေချိန်မှာတောင် သူတို့တွေက ပွဲကို အနိုင်ရရှိမယ့်နည်းလမ်း ရှာဖွေနိုင်ပါတယ်။ သူတို့လုပ်တဲ့အရာက ဒါပါပဲ”လို့ ဆိုပါတယ်။
လာမယ့်သီတင်းပတ်အတွက် ပွဲစဉ်ဇယားပြောင်းလဲမှုတွေအရ လီဗာပူးက ပီအက်စ်ဂျီကို မတ် ၁၁ ရက်မှာ ဧည့်ခံကစားရဖို့ရှိနေပြီး နောက်တစ်ရက်အကြာမှာ ရီးရဲလ်မက်ဒရစ်က သူတို့အခြေစိုက်ရာမြို့တော်ကို ဖြတ်သန်းပြီး ဒါဘီပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ဖို့ ခရီးတိုတစ်ခု ထွက်ခွာရပါလိမ့်မယ်။
ဘာနေဗျူးကွင်းအတွင်း ဘရာဟင်ဒီယက်ဇ်ရဲ့အနိုင်ဂိုးက ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် လက်ရှိချန်ပီယံတွေကို ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အသာစီးရရှိအောင် ကူညီပေးထားနိုင်ပါတယ်။ မက်ဒရစ်ဒါဘီပွဲစဉ်မှာ အနိုင်ရရှိလာတဲ့အသင်းက ဧပြီလဆန်းပိုင်းမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။