ကစားသမား ၁၀ ဦးကျန် လီဗာပူးအသင်းဆီမှ အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ယမန်နေ့ညပိုင်း၊ ဖူလ်ဟမ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ရမှတ်အပြည့် မရှာဖွေနိုင်ခဲ့ပေမယ့် အသင်းရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ အိမ်ရှင်လီဗာပူးက ပါရဲယားရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို ဘယ်အစွန်နောက်ခံလူရော်ဘတ်ဆန်ပါ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦးလျော့နဲ့ ပွဲချိန်ပြည့်နီးပါးကစားသွားခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်းပရိသတ်ရှေ့မှောက် လီဗာပူးက ပွဲချိန်တလျှောက်လုံးတိုက်စစ်ဖွင့်ကစားခဲ့ပြီး အနိုင်ရလဒ်ရရှိဖို့ပါ အစွမ်းကုန်ကြိုးစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဂတ်ပိုက လီဗာပူးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ဧည့်သည်ဖူလ်ဟမ်က မူနစ်ဇ်ရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့ ပွဲကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် အိမ်ရှင်လီဗာပူးအတွက် ဒုတိယမြောက်ချေပဂိုးကို လူစားဝင်ကစားသမားဂျိုတာက ပြန်လည်သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့အတူ ရမှတ်ခွဲဝေယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရာသီအဖွင့်ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁၁ ပွဲအထိ အနိုင်ယူနိုင်ခဲ့တဲ့ အန်းစလော့ရဲ့အသင်းက နောက်ဆုံးကစားခဲ့တဲ့ လိဂ်နှစ်ပွဲဆက်သရေကျတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အန်းစလော့က “ အထူးသဖြင့် ကစားသမား ၁၀ ဦးတည်းနဲ့ တိုက်ပွဲဝင်နေရတဲ့ အသင်းကစားသမားတွေဆီမှ အခုထက်ပိုပြီး တောင်းဆိုရမယ်လို့ ကျွန်တော် မယူဆမိပါဘူး။ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့လည်း အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါဘူး။ မှန်ပါတယ်၊ ကျွန်တော်တို့တွေ နှစ်မှတ်တော့ လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။
သရေရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ပြီး ဒီအတွက် ကွင်းလယ်ဒိုင်ကို ဝေဖန်သင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် အဝါကတ်တစ်ကတ်ထပ်ရနိုင်တဲ့အခိုက်အတန့်အချို့ ရှိခဲ့ပါတယ်။
ကပ်သီးကပ်သပ်အခိုက်အတန့်လေးတွေ ဖြစ်ပါတယ်။ အချို့ကိစ္စတွေက ကိုယ့်စိတ်တိုင်းကျမဖြစ်လာချိန်မှာ အချို့ကိစ္စတွေတော့ ကိုယ့်အလိုကျအတိုင်းဖြစ်လာလိမ့်မယ်လို့ တွေးမိကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်အတွက် အဲ့ဒီလိုခံစားချက်မျိုး မရှိခဲ့ပါဘူး။
VAR ရဲ့ရှုမြင်ပုံကိုလည်း ကျွန်တော်တို့ လက်ခံသွားရပါမယ်။
ရော်ဘတ်ဆန်မှာ ဒဏ်ရာပြဿနာနည်းနည်းရှိနိုင်တယ်လို့ ကျွန်တော်တွေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အခြေအနေမျိုးမှာ သူက အခုထက်ပိုပြီး လျှင်မြန်ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ အနီကတ်ပြစ်ဒဏ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။