The network connection is lost.

Banner Image

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာပြီး ဘရာဇီးအသင်းကိုဦးဆောင်သွားမယ့် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ယခုနှစ်ရာသီအကုန်မှာ ဆန်တီယာဘာနေဗျူးကနေ ထွက်ခွာပြီး ဘရာဇီးလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလား အများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီသားနည်းပြဟာ မကြာမီမှာပဲ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် စတင်တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။ 

ရာသီကုန်မှာ အန်ဆယ်လော့တီတစ်ယောက် ရီးရဲလ်မက်ဒစ်မှထွက်ခွာပြီး ဘရာဇီးနဲ့ လက်တွဲသွားမယ့်အကြောင်းကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ အတည်ပြုကြေညာလာခဲ့တာဖြစ်ပါတယ်။ အသက်-၆၅ နှစ်အရွယ် အီတလီသားဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပထမဆုံး နိုင်ငံခြားသားနည်းပြ ဖြစ်လာဖို့ရှိနေပါတယ်။ 

လစ်လပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကိုတော့ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုက တာဝန်ယူသွားဖွယ်ရှိပါတယ်။ အလွန်ဆိုဟာ ရာသီကုန်မှာ လေဗာကူဆင်နဲ့ လမ်းခွဲမှာဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။ 

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က "သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးသော လက်ရွေးစင်အသင်းကို ကမ္ဘာ့အအောင်မြင်ဆုံးနည်းပြက မကြာခင်မှာ စတင်ဦးဆောင်သွားမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ထားပါတယ်။ အန်ဆယ်လော့တီဟာ ဘရာဇီးအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ စတင်တာဝန်ယူသွားမှာဖြစ်ပြီး အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ကစားသွားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကိုလည်း ကိုင်တွယ်ခွင့်ရသွားဖွယ်ရှိပါတယ်။ 

ပြီးခဲ့တဲ့ မတ်လက အာဂျင်တီးနားကို ၄-၁ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးဟာ နည်းပြဒိုရိုင်ဘယ်ကို ရာထူးကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘရာဇီးဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုရဲ့ အဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။