ကိုယ့်ကိုယ်ကိုယ်ဝေဖန်မှုပြုလုပ်ပြီးနောက် အမ်ဘာပေ ပိုမိုတိုးတက်လာခဲ့တယ်လို့ဆိုလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အသင်းရဲ့တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ အသင်းသို့စတင်ရောက်ရှိချိန်မှာ အခက်အခဲအချို့နဲ့ ကြုံတွေ့ခဲ့ရပေမယ့် သူ့ကိုယ်သူ ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ ပိုမိုတိုးတက်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ယမန်နေ့ညက ဆီဗီလာကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးကို အမ်ဘာပေက သွင်းယူပေးခဲ့တာဖြစ်ပြီး ပြင်သစ်သားဟာ အသင်းဖော် ဘရာဟင်မ်ဒီယက်ဇ်အတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အမ်ဘာပေဟာ ၂၀၂၄ ခုနှစ်ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှုပေါင်း ၄၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဥရောပတစ်ဝှမ်း အဆိုပါပမာဏထက် ပိုမိုများပြားတဲ့ကစားသမားဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ဦးသာရှိနေတာဖြစ်ပါတယ်။ ဟယ်ရိကိန်းဟာ ၂၀၂၄ ခုနှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၅၀ အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အတွက် စုစုပေါင်း ၁၃ ဂိုးအထိသွင်းထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဆီဗီလာကိုအနိုင်ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ကျော်တက်ပြီး လာလီဂါအမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။ သို့သော်လည်း အန်ဆယ်လော့တီကတော့ ဒုတိယနေရာနဲ့မကျေနပ်ဘဲ နှစ်သစ်မှာ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အီတလီသားက “မီလန်ကိုရှုံးနိမ့်ပြီးနောက်မှာ ကျွန်တော်တို့ အဝတ်လဲခန်းအတွင်းမှာ အသင်းရဲ့ချို့ယွင်းချက်တွေကို ပွင့်ပွင့်လင်းလင်းပဲပြောခဲ့ကြပါတယ်။ ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်လည်ဝေဖန်ခဲ့ကြပြီး ကျွန်တော်တို့လိုအပ်နေတဲ့အရာကလည်း ဒါပဲဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမ်ဘာပေကလည်း သူ့ကိုယ်သူ ဝေဖန်မှုပြုလုပ်ခဲ့ပြီး ဒါကြောင့်ပဲ သူတိုးတက်လာခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆီဗီလာနဲ့ပွဲစဉ်မှာ အမ်ဘာပေဟာ ဂိုးပေါက်ကန်သွင်းချက် ၅ ကြိမ်အထိပြုလုပ်ခဲ့သလို၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၉ ကြိမ်အထိရှိခဲ့ပါတယ်။ အဆိုပါပမာဏဟာ အခြားအသင်းဖော်တွေအားလုံးထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်တယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက “အမ်ဘာပေရဲ့ လိုက်လျောညီထွေစွမ်းဆောင်နိုင်စွမ်းက အရမ်းပဲတိုးတက်နေပြီး ဒီနေ့မှာ ဒါကို သက်သေပြနိုင်ခဲ့ပါတယ်။ အချိန်နဲ့အမျှ သူ့ရဲ့ခြေစွမ်းက တိုးတက်လာနေပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ကျွန်တော် အသင်းကို အမှတ်ပြည့်ပေးပါတယ်။ ပြီးခဲ့တဲ့ရာသီက အရမ်းကောင်းတဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရာသီကိုတော့ ကျွန်တော်တို့ အခက်အခဲတွေနဲ့စတင်ခဲ့ရပြီး အခုချိန်မှာတော့ အခြေအနေတွေကို ထိန်းညှိနိုင်ဖို့ အင်အားအလုံအလောက်ရှိနေပါပြီ။ ၂၀၂၅ မှာလည်း ထိပ်ဆုံးနေရာတွေကို တက်လှမ်းနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။