
ရီးရဲလ်မက်ဒရစ်မှ မိုဒရစ်ထွက်ခွာတော့မယ်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ လာမယ့်ရက်သတ္တပတ်အချို့မှာပဲ အသင်းကနေ ထွက်ခွာသွားတော့မယ်လို့ အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ်ဖြစ်လာမယ့် ဇာဘီအလွန်ဆိုရဲ့ဦးဆောင်မှုနဲ့အတူ လာမယ့် နွေရာသီမှာ ကစားသမားအပြောင်းအလဲတွေပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ဘရာဇီးလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်သွားတော့မှာဖြစ်သလို၊ မိုဒရစ်ကလည်း ထွက်ခွာတော့မှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အတွက်တော့ ခေတ်တစ်ခေတ်အဆုံးသတ်သွားပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။
မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်လက်ကစားလိုကြောင်း မကြာခဏပြောထားပေမယ့် သူ့ရဲ့အနာဂတ်ဟာ ရာသီအစမှာကတည်းက မသေချာတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ လက်ရှိ မိုဒရစ်ရဲ့ စာချုပ်ဟာ ဇွန်လအကုန်အထိ သာရှိပေမယ့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ရင်တော့ ဇူလိုင်လအတွင်းကစားရမယ့် ရှုံးထွက်ပွဲစဉ်တွေအတွက် မိုဒရစ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိပါတယ်။
အသက်-၃၉ နှစ်အရွယ်ကစားသမားဟာ အသင်းနဲ့ နောက်ထပ် ၁ နှစ်သက်တမ်တိုး စာချုပ်ချုပ်လိုပေမယ့် အသင်းမှာ ဆက်ရှိဖို့ မရှိဖို့ ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ဒရစ်ဘက်က ချမှတ်သွားရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆီဗီလာကိုအနိုင်ရပြီးနောက် မိုဒရစ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အန်ဆယ်လော့တီက "ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ သူ့ကို ဘယ်လောက်ချစ်ကြသလဲဆိုတာ လူတိုင်းသိပါတယ်။ သူ့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုချမှတ်ဖို့ သူတို့မှာ အချိန်ရှိပါတယ်။ ပြီးတော့ အသင်းအတွက်နဲ့ အသင်းရဲ့အနာဂတ်အတွက်လည်း ဆုံးဖြတ်ပေးသွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
မိုဒရစ်ဟာ အသက်-၃၉ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် လာမယ့် ၂၀၂၆ ခုနှစ်မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်မှာ ခရိုအေးရှားလက်ရွေးစင်အသင်းကို ဦးဆောင်သွားဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ မိုဒရစ်တစ်ယောက် ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာမယ့် အလွန်ဆိုနဲ့ ဆွေးနွေးမှုတွေမပြုလုပ်ရသေးတာကြောင့် ဘာနေဗျူးမှာ ဆက်ရှိနေမလား ထွက်ခွာရမလား ရေရေရာရာမသိရှိရသေးပါဘူး။