The network connection is lost.

Banner Image

ပီအက်စ်ဗွီ ကွင်းလယ်လူ မော်ရိုဂျူနီယာကို ခေါ်ယူဖို့ ပေါ်တိုနဲ့ လိဒ်ယူနိုက်တက်တို့ပါ စိတ်ဝင်စားလာ

ပီအက်စ်ဗွီအသင်းဟာ သူတို့ရဲ့ ဒုတိယအသင်းခေါင်းဆောင် မော်ရိုဂျူနီယာကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ အက်ဖ်စီပေါ်တိုနဲ့ လိဒ်ယူနိုက်တက်တို့ကလည်း အပြင်းအထန် စိတ်ဝင်စားနေတယ်လို့ ဒတ်ချ်မီဒီယာတွေက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် မော်ရိုဂျူနီယာဟာ နည်းပြ ပီတာဘော့စ်ရဲ့ အင်အားတောင့်တင်းလှတဲ့ ပီအက်စ်ဗွီအသင်းမှာ အဓိကကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပြီး အိုင်န်ဟိုဗင်အခြေစိုက် ဒီကလပ်အသင်းနဲ့အတူ ၉ ရာသီအတွင်း လိဂ်ချန်ပီယံဆု ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်လူမျိုး နောက်ခံလူဖြစ်သလို ကွင်းလယ်မှာလည်း ကစားနိုင်တဲ့ မော်ရိုဂျူနီယာဟာ ပြီးခဲ့တဲ့နွေရာသီကမှ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ၂၀၂၉ ခုနှစ်အထိ ပီအက်စ်ဗွီနဲ့ စာချုပ်ရှိနေတာပါ။ ဒါပေမဲ့ Voetbal International ရဲ့ ဖော်ပြချက်အရ နယ်သာလန်လိဂ်ချန်ပီယံ ပီအက်စ်ဗွီအသင်းဟာ စာချုပ်ဖျက်သိမ်းကြေး (release clause) ကို ပယ်ဖျက်ဖို့အတွက် မော်ရိုဂျူနီယာရဲ့ စာချုပ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံသက်တမ်းတိုးချင်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းဟာ ပေါ်တူဂီထိပ်သီးကလပ် အက်ဖ်စီပေါ်တို၊ အင်္ဂလန်ကလပ် လိဒ်ယူနိုက်တက်တို့အပြင် "တောင်ဥရောပကလပ်အသင်းအချို့" ရဲ့ စိတ်ဝင်စားမှုတွေကို တွန်းလှန်နိုင်ဖို့ ကြိုးစားနေပါတယ်။ မော်ရိုဂျူနီယာကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝအတွက် အဆုံးအဖြတ်ပေးရမယ့် အခြေအနေတစ်ခုကို ရောက်ရှိနေပြီး ပီအက်စ်ဗွီမှာ ဆက်ကစားနေသရွေ့တော့ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်က နီးစပ်မလာသေးပါဘူး။

မော်ရိုဂျူနီယာဟာ ၂၀၁၇ ခုနှစ်မှာ Desportivo Brasil အသင်းကနေ ပီအက်စ်ဗွီကို ရောက်ရှိလာပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၂၀၀ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။