The network connection is lost.

Banner Image

ပြိုင်ဘက်ဟောင်းကြီး ဆီမြွန်နီနဲ့ နောက်တစ်ကြိမ်ထပ်မံရင်ဆိုင်ရဖို့ စိတ်အားထက်သန်နေတဲ့ အန်ဆယ်လော့တီ

ဒီည၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပ-ကျော့ပွဲစဉ်အဖြစ် မက်ဒရစ်ဒါဘီအတွက် အက်သလက်တီကိုမက်ဒရစ်ကို ဧည့်ခံကစားဖို့ ရီးရဲလ်မက်ဒရစ်တို့ ပြင်ဆင်နေချိန်မှာပဲ နည်းပြအန်ဆယ်လော့တီက ပြိုင်ဘက်ဒီယေဂိုဆီမြွန်နီနဲ့ ဆင်နွှဲရမယ့် နောက်ထပ်အရန်ခုံတန်းတိုက်ပွဲတွေကို မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

နည်းပြဘဝသက်တမ်းတလျှောက် အခြားသူတွေထက် အချင်းချင်းထိပ်တိုက်တွေ့ဆုံမှု အများဆုံးဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ၂၇ ကြိမ်မြောက်ရင်ဆိုင်တိုက်ပွဲမတိုင်ခင် ဝါရင့်နည်းပြနှစ်ဦးလုံးက အခုလိုထိပ်တိုက်တွေ့ဆုံမှုတွေမှာ ကိုးပွဲစီအနိုင်ရရှိပြီး ရှစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ လတ်တလောမှာ အန်ဆယ်လော့တီရဲ့အသင်းက အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ကတော့ ပြီးခဲ့တဲ့နှစ်၊ ဆော်ဒီနိုင်ငံမှာကျင်းပတဲ့ ၂၀၂၄ စပိန်စူပါဖလားပြိုင်ပွဲပွဲစဉ် ဖြစ်ပါတယ်။

အန်ဆယ်လော့တီနဲ့ ဆီမြွန်နီအတွက်တော့ အီတလီစီးရီးအေမှာ အချင်းချင်းယှဉ်ပြိုင်ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် အတော်လေးမစိမ်းလှတဲ့ ပြိုင်ဘက်တွေ ဖြစ်နေကြပါတယ်။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီက “ ဆီမြွန်နီနဲ့ပတ်သက်လို့ ပထမဆုံးအမှတ်ရမိတဲ့အရာကတော့ သူ့ရဲ့လာဇီယိုကစားသမားဘ၀ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရချိန် ကျွန်တော် နည်းပြအဖြစ်တာဝန်ယူထားရတဲ့ ဂျူဗင်တပ်စ်ကို သူ ဂိုးသွင်းယူခဲ့ပါတယ်။ လာဇီယိုလည်း အနိုင်ရရှိခဲ့ပြီး စီရီးအေချန်ပီယံဖြစ်လာပါတယ်။ ကျွန်တော့်အထင် ၂၀၀၀ ပြည့်နှစ်လောက်မှာ ဖြစ်ပါလိမ့်မယ်။

အခုတော့ နည်းပြတစ်ဦးအဖြစ် ကျွန်တော် သူ့ကို အများကြီးလေးစားပါတယ်။ သူက နည်းပြကောင်းတစ်ဦးပါ။ သူက အက်သလက်တီကိုမက်ဒရစ်နဲ့ အကောင်းဆုံးလုပ်ဆောင်ပြခဲ့ပြီး ဥရောပရဲ့အမြင့်ဆုံးအဆင့်အတန်းအထိ အသင်းကို မြှင့်တင်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆီမြွန်နီရဲ့ပွဲဖတ်ပုံ၊ ကွင်းတွင်း အသင်းကိုမောင်းနှင်ပုံ၊ နည်းဗျူဟာနဲ့ သူ့အသင်းမှာရှိနေတဲ့ ခံစစ်ပိုင်းကြိုးစားအားထုတ်မှုတွေကို သဘောကျပါတယ်။ ကျွန်တော်ဖြင့် ဒီအချက်တွေအားလုံးကို အရမ်းသဘောကျမိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းမှာ အတိတ်ကာလရလဒ်ဟောင်းတွေရဲ့ထောင်ချောက်ဆီ ဆင်းသက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။ အန်ဆယ်လော့တီက “ဒုတိယအကျော့မှာမှ အဆုံးအဖြတ်ရလဒ်တစ်ခု ထွက်ပေါ်မယ့် တွဲဆိုင်းမျိုးပါပဲ။ အခုညပိုင်းပွဲစဉ်အတွက် ရည်မှန်းချက်က အကောင်းဆုံးကစားပြီး အခွင့်အရေးကောင်းတစ်ခု ရယူသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အခုပွဲစဉ်က မက်ဒရစ်ဒါဘီထုံးစံအတိုင်း အကြိတ်အနယ်ဖြစ်လာပါလိမ့်မယ်။ ပြိုင်ဘက်ကြီးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ခံစားနေရတဲ့ဖိအားတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့အတူ ထူးရှယ်ပွဲစဉ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။