
အခွင့်အရေးဖန်တီးတဲ့အပိုင်းမှာ ကစားသမားတွေ အရည်အသွေးနိမ့်ကျနေတယ်လို့ အာမိုရင်ဝန်ခံ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကစားသမားတွေဟာ အခွင့်အရေးဖန်တီးတဲ့ အခန်းကဏ္ဍမှာ အရည်အသွေးနိမ့်ကျနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ယူနိုက်တက်ဟာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဖူလ်ဟမ်ကို နောက်ကနေလိုက်ကစားခဲ့ရပြီး ၁-၁ ဆိုတဲ့သရေရလဒ်သာရယူနိုင်ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ချေပဂိုးကို အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကသွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးကိုတော့ ဒါလော့ရဲ့ဖန်တီးပေးပို့မှတစ်ဆင့်ရရှိခဲ့တာဖြစ်ပါတယ်။သို့သော်လည်း အချိန်ပိုမိနစ်တွေမှာတော့ ယူနိုက်တက်ဟာ အခွင့်အရေးတွေဖန်တီးဖို့ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ကလည်း အခွင့်အရေးတွေဖန်တီးနိုင်ကြခြင်းမရှိဘဲ သာမန်ခြေစွမ်းရဲ့အောက်ကိုပင် ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "တစ်ခါတလေမှာ ကစားသမားတွေရဲ့ အရည်အသွေးနိမ့်ကျမှုကြောင့်လည်း အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲနိုင်ပါတယ်။ ဘရူနို၊ ကတ်စ်မဲရိုးနဲ့ ဇက်ခ်ဇီတို့က ချိတ်ဆက်တဲ့အပိုင်းမှာတိုးတက်လာကြပါပြီ။ ဇက်ခ်ဇီက တစ်ကွင်းလုံးမှာ ပတ်ပြေးပြီး အခွင့်အရေးဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကလည်း အရည်အသွေးတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင် ယူနိုက်တက်အနေနဲ့ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပေမယ့် ကစားသမားတွေကတော့ တဖြည်းဖြည်းချင်းတိုးတက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်လို့ အာမိုရင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်နည်းပြဘဝ အစမှာပဲ ဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပြန်ပြီဖြစ်ပါတယ်။
သို့သော်လည်း တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်လို့ ဥရောအောင်မြင်မှုအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။ အာမိုရင်က သူဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးလိုကြောင်းကိုလည်း "ကျွန်တော်တို့ရဲ့ပန်းတိုင်က ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ပါ။ ဒီရာသီမှာ ကျွန်တော်တို့ ရှုံးပွဲတွေအများကြီးတွေ့ပြီး ဆုဖလားပြိုင်ပွဲတွေကနေ ထွက်ခွာထားရပေမယ့် ပန်းတိုင်ကတော့ ပရီးမီးယားလိဂ်ဖလားပါပဲ"
"ဒီဖလားကိုရဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိနေတယ်ဆိုရင်တော့ ရှုံးပွဲတွေကြုံတွေ့ရင် ကစားသမားတွေ သာမန်ထက်ပိုပြီး ခံပြင်းကြမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့လိုပြီး ပန်းတိုင်ကိုအရောက်လှမ်းရပါမယ်" လို့ပြောကြားခဲ့ပါတယ်။