The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ အီဆက်ရဲ့အခြေအနေကို အသိပေးပြောကြားလာတဲ့ အက်ဒီဟိုဝီ

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ယမန်နေ့ညက ဘရိုက်တန်ကို ၁-၂ နဲ့အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ပွဲချိန်အတွင်း ထော့နဲ့ထော့နဲ့လမ်းလျှောက်ပြီး ပုံမှန်အတိုင်းကစားနိုင်ဖို့ ခက်ခဲခဲ့တဲ့ တိုက်စစ်မှူး အလန်ဇန်းဒါးအီဆက်ရဲ့ ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 

ပေါင်ခြံဒဏ်ရာကြောင့် ကြားရက်က လီဗာပူးကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အီဆက်ဟာ ယခုဘရိုက်တန်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပွဲပြီးကာနီးမှာ လူစားလဲခံခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ နယူးကာဆယ်အတွက်ဦးဆောင်ဂိုးကို ပထမပိုင်းမှာ အီဆက်က ပင်နယ်တီမှတစ်ဆင့်သွင်းယူပေးခဲ့ပြီး အဆိုပါသွင်းဂိုးဟာဆွီဒင်လက်ရွေးစင်အတွက် ဒီရာသီ ၂၂ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ သို့သော်လည်း ဘရိုက်တန်အတွက် ချေပဂိုးကို ပထမပိုင်းမှာပဲ မင်တက်က ပြန်လည်သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ၂ သင်းစလုံးဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ပွဲကို အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။ 

အီဆက်ကတော့ ဒဏ်ရာပြဿနာကြောင့် အချိန်ပိုအထိ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲကစားချိန် ၈၆ မိနစ်မှာပဲ ဝီလ်ဆန်နဲ့ လူစားလဲခံခဲ့ရပါတယ်။ အချိန်ပိုမှာ ဘရိုက်တန်အတွက် အဖိုးတန်အနိုင်ဂိုးကို ဒန်နီဝဲလ်ဘတ်က သွင်းယူပေးခဲ့ပြီး နယူးကာဆယ်ကို အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့မှာ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ကာရာဘောင်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် လီဗာပူးနဲ့ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ နည်းပြ အက်ဒီဟိုဝီရဲ့အဆိုအရတော့ အီဆက်ရ့ဒဏ်ရာဟာ မပြင်းထန်တာကြောင့် အဆိုပါပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့ သိရပါတယ်။ 

ဟိုဝီက "ဒါက ပုံမှန်ပွဲပန်းမှုပါပဲ။ ဒဏ်ရာပြဿနာလို့မထင်ပါဘူး။ ပွဲမစခင်ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူကြံ့ခိုင်မှုပြည့်ဝနေရင် ပွဲတိုင်းမှာကစားမှာပါ။ သူအဆင်ပြေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နယူးကာဆယ်အတွက် နောက်ထပ်ထိုးနှက်ချက်အနေနဲ့ အသင်းရဲ့အားထားရတဲ့တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်ဟာ ယခုဘရိုက်တန်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ၃ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရဖို့ရှိနေပါတယ်။ 

နယူးကာဆယ်က လီဗာပူးနဲ့ကာရာဘောင်ဖလား ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂေါ်ဒွန်အနေနဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် အဆိုပွဲစဉ်ကိုလွဲချော်သွားဖို့ရှိနေပါတယ်။ဆက်လက်ပြီး ဟိုဝီက "အနီကတ်ပြစ်ဒဏ်က ပြင်းထန်ပါတယ်။ ကျွန်တော်အဲဒီအဖြစ်အပျက်ကို ပြန်တော့မကြည့်ရသေးပါဘူး။ ဒီအတိုင်းကွင်းထဲကနေပဲ လှမ်းမြင်လိုက်တာပါ။ အယူခံဝင်ဖို့ဖြစ်နိုင်မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။