ဂေါ်ဒွန်ရဲ့နေရာမှာ အစားထိုးမယ့် ပစ်မှတ်အတွက် ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်
ဂေါ်ဒွန်ကို ဘာစီလိုနာအသင်းဆီ ရောင်းချခဲ့ပြီးနောက် နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ဘတ်ဂျက် ပိုမိုအားကောင်းလာခဲ့ပါတယ်။
ဂေါ်ဒွန်က စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ အထင်ကြီးလောက်စရာဘောလုံးရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ဖြင့် ဘာစီလိုနာအတွက် ကစားပေးချင်တဲ့ သူ့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းသွားပါတော့မယ်။
အထူးသဖြင့် အသက် ၂၅ နှစ်အရွယ်ကစားသမားက နည်းပြအက်ဒီဟိုဝီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဓိကအားထားခဲ့ရသူဖြစ်ပြီး ၁၀ ဂိုးအထိသွင်းယူကာ အလန် ရှီးယားရဲ့ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
လျှပ်စီးလိုမြန်ဆန်တဲ့အရှိန်အဟုန်နဲ့ ထိုးဖောက်မှုတွေကြောင့် ပြိုင်ဘက်ခံစစ်ကို အကောင်းဆုံး ဖျက်ဆီးနိုင်သူအဖြစ် လူသိများတဲ့ ဂေါ်ဒွန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်ဒီဟိုဝီကိုယ်တိုင်လည်း ကစားသမားသစ်တစ်ဦး ရှာဖွေသွားရပါတော့မယ်။ စပိန်မှလာတဲ့သတင်းတွေအရ ငှက်ကျားတွေက အိုဆာဆူနာကစားသမားဗစ်တာမူနော့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
El Chiringuito သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းက ပြီးခဲ့တဲ့ရာသီ ၃၆ ပွဲကစား၊ ခုနစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးငါးကြိမ်ပြုလုပ်ခဲ့တဲ့ အသက်-၂၂ နှစ်အရွယ်မူနော့ဇ်ကို ခေါ်ယူဖို့ ယူရို ၃၅ သန်း(ပေါင် သန်း ၃၀)ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီကမ်းလှမ်းမှုမှာ ဆုကြေးခံစားခွင့်တွေ အပါအဝင် ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း ၄၀ ဝန်းကျင်အထိ ရှိလာနိုင်ပြီး မူနိုဇ်ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ဖို့အတွက်သဘောတူညီချက်တွေကို လက်ခံဖို့ အဆင်သင့်ရှိနေလို့ အခုနွေရာသီအတွင်း ဟိုဝီရဲ့ပထမဆုံးကစားသမားခေါ်ယူမှုတောင် ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်၊ မူနော့ဇ်ကိုရောင်းချခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားသမားပိုင်ဆိုင်ခွင့် ၅၀ ရာခိုင်နှုန်းနဲ့ ပြန်လည်ဝယ်ယူခွင့်တို့ ရှိနေလို့ ဒီအပြောင်းအရွှေ့ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ စပိန်သားနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ရဲ့သဘောထား ရှင်းရှင်းလင်းလင်းမရှိသေးလို့ နယူးကာဆယ်အတွက် အပြောင်းအရွှေ့ကို လွယ်လွယ်ကူကူဖော်ဆော်သွားနိုင်မယ့်အခြေအနေ ရှိနေပါတယ်။