ချဲလ်ဆီးသို့မပြောင်းရွှေ့မီ ဘာစီလိုနာသို့ရောက်ရှိဖို့ ၄ နှစ်လောက်အထိနီးစပ်ခဲ့ဖူးတဲ့ အက်စ်တီဗာအို
လက်ရှိအချိန်မှာ ချဲလ်ဆီးအတွက် အထူးခြေစွမ်းပြကစားနေပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာဘက်ကို ဂိုးသွင်းယူခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အက်စ်တီဗာအိုဝီလီယံဟာ တစ်ချိန်က ဘာစီလိုနာသို့ရောက်ရှိဖို့ ၄ နှစ်လောက်အထိ နီးစပ်ခဲ့ဖူးသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အက်စ်တီဗာအိုရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေသူ အန်ဒရီကူရီဟာ တစ်ချိန်က ဘာစီလိုနာကင်းထောက်ဟောင်း ဖြစ်ခဲ့ဖူးပြီး အက်စ်တီဗာအိုဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ကူရီက "၂၀၁၈ လောက်တုန်းက ကျွန်တော် အက်စ်တီဗာအိုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ဘာစီလိုနာဆီပေးပို့ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း အက်စ်တီဗာအိုရဲ့ပွဲတစ်ပွဲကိုကြည့်ဖို့ ကျွန်တော် အဲရစ်အဘီဒယ်လ်(ဘာစီလိုနာအားကစားဒါရိုက်တာဟောင်း) ကိုဘရာဇီးကိုခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းက အက်စ်တီဗာအိုက အသက်-၁၁ နှစ်ပဲရှိသေးပေမယ့် အခြားသူတွေနဲ့မတူဘဲ သူက ရွှေဘောလုံးဆုရှင်တစ်ယောက်ဖြစ်ချင်တဲ့သူဆိုတာ မြင်တွေ့ခဲ့ပါတယ်"
"ကျွန်တော် ဘာစီလိုနာကနေထွက်ခွာခဲ့ပြီး ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင်း အက်စ်တီဗာအိုကိုခေါ်ဖို့ သူတို့ကိုပြောခဲ့ပါတယ်။ သူက လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ ကြီးမားတဲ့အနာဂတ်ရှိတဲ့ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်ယုံကြည်ခဲ့ပြီး သူ့ကိုကမ်းလှမ်းဖို့ ဘာစီလိုနာကိုအကြံပေးခဲ့ပါတယ်"
"တကယ်လို့ အက်စ်တီဗာအိုကိုသာ ဘာစီလိုနာကခေါ်ယူခဲ့မယ်ဆိုရင် သူ့အနေနဲ့ လာမိုင်းယာမယ်လ်နဲ့ တွဲဖက်ကစားနိုင်ပါလိမ့်မယ်။ ဒါက နေမာနဲ့မက်ဆီတို့ရဲ့အတွဲလိုဖြစ်လာနိုင်ပါတယ်။ မက်ဆီက တစ်ယောက်တည်းလည်းကောင်းပေမယ့် နေမာရှိနေရင် အသင်းအတွက်ပိုကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။