The network connection is lost.

Banner Image

အမြင့်ပျံခရီးအလွန်မှာ တစ်ဖန် မြေလျှိုးရတော့မယ့် တန်းဖိုးမြင့်ကစားသမားအစုအဖွဲ့နဲ့ မြေခွေးတို့ ဘာတွေလွဲခဲ့ကြတာလဲ?

ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ဝက်စ်ဟမ်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အိမ်ရှင်လက်စတာအသင်းက တန်းမဆင်းရရေးအတွက် အားစိုက်ကစားခဲ့ပြီး ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းကစားရတော့မှာ ဖြစ်တာကြောင့် တန်ကြေးအမြင့်ဆုံး တန်းဆင်းအသင်းအဖြစ်ပါ လိဂ်သမိုင်းမှာ မှတ်တမ်းဝင်စေခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ ရာနေးရာနီရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့တဲ့ လက်စတာအသင်းက ယခုနှစ်မှာ ရလဒ်ပိုင်း အတော်လေးဆိုနေခဲ့တာကြောင့် တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်နေပြီး ရာသီသိမ်းပွဲစဉ်မှာ အနိုင်ရခဲ့ပေမဲ့ တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်တွင် အိမ်ရှင်လက်စတာအသင်းက ဟာဗေးဘန်းစ်၊ ဝေါက်ဖေးစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ပါဘလိုဖော်နယ်လ်ရဲ့ ချေပဂိုးကြောင့် ၁ဂိုး ခွင့်ပြုခဲ့ရကာ ပွဲပြီးချိန်မှာ ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ အဆင့် ၁၇နေရာမှ အဲဗာတန်အသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။

လက်စတာအသင်းအနေဖြင့် ယမန်နှစ်ဘောလုံးရာသီမှာ အတိုင်းအတာတစ်ခုအထိ ခြေစွမ်းကောင်းမွန်ခဲ့ပေမဲ့ အခြားသောကလပ်အသင်းတွေရဲ့ လူစာရင်းစုဖွဲ့မှုကို မယှဉ်နိုင်ခဲ့ဘဲ အဓိကကစားသမားတွေဖြစ်တဲ့ ဝက်စ်လေဖိုဖာနာ၊ ကက်စ်ပါရှမိုက်ကယ် တို့ ထွက်ခွာချိန်တွင် ဒါကာ၊ ဆိုရန်ကူ၊ ဟယ်ရီဆောက်တာ တို့အား ခေါ်ယူအားဖြည့်ခဲ့ပြီး ရလဒ်ပိုင်း အတော်လေး အားနည်းခဲ့တာ ဖြစ်ပါတယ်။

လျှန်မြန်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်ကြောင့် ၂၀၁၅ - ၁၆ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေကြီးပင် ကစားရခက်ခဲခဲ့ပြီး နည်းပြ ရာနေးရာနီရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံဖြစ်ထားခဲ့တဲ့ လက်စတာအသင်းအနေဖြင့် ၇နှစ်အကြာမှာ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းကစားရတော့မှာပဲ ဖြစ်ပါတယ်။

ရာသီကြိုမှာကတည်းက အခက်အခဲအချို့နဲ့ လက်စတာ
လက်စတာအသင်းက ကင်းပါဝါလုပ်ငန်းစုရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့အထိ ပရိတ်သတ်တွေကို မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမဲ့ ဥက္ကဌဖြစ်သူရဲ့ နားရေးအပြီးမှာ ကလပ်အသင်းနဲ့ ပိုင်ရှင်တို့ရဲ့ အကြားမှာ ဆုတံဆိပ်တွေအတွက် အာရုံစိုက်မှု နည်းပါးလာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီကြိုကာလတွင် လက်စတာပရိတ်သတ်အချို့က လှုပ်ရှားမှုအချို့စတင်ကာ သတိပေး ဆန္ဒပြခဲ့ကြပါသေးတယ်။

ကိုဗစ်ကပ်ဆိုက်မှုနဲ့အတူ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် များစွာ ရိုက်ခက်စေခဲ့ပြီး လက်စတာအသင်းရဲ့ စီးပွားရေးအခြေအနေအပေါ်မှာလည်း ရိုက်ခက်မှုကြီးမားခဲ့ကာ ကင်းပါဝါလုပ်ငန်းစုအနေဖြင့် လက်စတာအသင်းရဲ့ လိုအပ်နေတဲ့ ကစားသမားအစုအဖွဲ့အားနည်းချက်ကို လုံလောက်တဲ့ အတိုင်းအတာအထိ ဖြည့်တင်းမပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းရဲ့နည်းပြ အဖြစ် ၂၀၁၉ခုနှစ်မှာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော်ဂျာက ကစားသမား ဖြည့်တင်းရေးနဲ့ ပတ်သက်လို့ “သိပ်သေချာတာပေါ့ဗျာ။ ကျူပ်အနေနဲ့ ကစားသမားအင်အားကို ပိုတောင့်တင်းစေချင်တာပေါ့။ ပြီးတော့ ကျစ်လစ်တဲ့ အစုအဖွဲ့တစ်ခုကို ဖန်တီးခွင့်ရချင်ပါတယ်” “ပြီးခဲ့တဲ့ ဘောလုံးရာသီအလယ်ပိုင်းမှာကတည်းက ကျွန်တော် ကစားသမားထပ်လိုနေတဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းက ဘဏ္ဍာရေး အခြေအနေခက်ခဲနေချိန် ဖြစ်တာကြောင့် ကလပ်အသင်းပေါ်မှာလည်း လေးစားမှုရှိပါတယ်။ ဒါကြောင့်မလို့ ကလပ်ရဲ့ အကြီးအကဲတွေအပေါ် ကျွန်တော်ဘက်က စစ်ခင်းသွားမှာ မဟုတ်ပါဘူး” “အကောင်းဆုံးကြိုးစားပေမဲ့ ရလဒ်မကောင်းတာကတော့ ကံတရားအတိုင်းပေါ့ဗျာ။ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲတိုင်းတွင် အဆင့်မီ ကစားချင်ရင် ကစားသမားအင်အားကလည်း လုံလောက်စွာ ဖြည့်ထားနိုင်ရပါမယ်” “ဒီလိုမှမဟုတ်ရင်တော့ ကြီးကြီးမားမား ရည်မှန်းနေလို့ မရပါဘူး” ဆိုပြီး ယခုနှစ် ဇူလိုင်လအတွင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

နည်းပြ ရော်ဂျာရဲ့ ဦးဆောင်မှုနဲ့အတူ လက်စတာစီးတီးအသင်းက ဥရောပကွန်းဖရန့်လိဂ် စတင်ကျင်းပတဲ့ ၂၀၂၁ - ၂၂ ဘောလုံးရာသီတွင် အကြိုဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းကာ ဆုဖလားနဲ့ နီးစပ်ခဲ့ပါသေးတယ်။ မြောက်အိုင်ယာလန်သား နည်းပြ ရော်ဂျာရဲ့ အဆိုပါပြောဆိုမှုအပြီးမှာ လက်စတာအသင်း အကြီးအကဲတွေအနေဖြင့် အပြောင်းရွှေ့ပိတ်သိမ်းမယ့် နာရီပိုင်းအလိုမှာ လီဂူးဝမ်းကလပ် ရန်းနက်စ်အသင်းရဲ့ ဗဟိုနောက်တန်းကစားသမား ဝေါက်ဖေးစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းဖြင့် လက်စတာမြေကို ခေါ်ဆောင်ပေးခဲ့ပါတယ်။

နည်းပြ ခန့်အပ်ရေး အရှုပ်တော်ပုံ
လက်စတာအသင်းက ယခုနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီအစ ၁၀မှာ ၂ပွဲသာ အနိုင်ရခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင်အချိန်အထိ တန်းဆင်းဇုန်အထက် ရမှတ် ၄မှတ်အကွာဖြင့် အဆင့် ၁၂နေရာတွင် ရပ်တည်နိုင်ခဲ့ပါသေးတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအပြီးပွဲစဉ်တွေမှာ ရလဒ်ပိုင်း ပိုဆိုးရွားလာခဲ့တာကြောင့် မတ်လ ၁၁ရက်နေ့တွင် ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အပြင် ဘရန့်ဖို့ဒ်အသင်းနဲ့ ၁ဂိုး - ၁ဂိုး သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်များမှာ ကတည်းက နည်းပြ ဘရန်ဒန်ရော်ဂျာကို ထုတ်ပယ်ရန် ဆန္ဒပြမှုအချို့ ရှိခဲ့ပြီး လက်စတာအသင်းရဲ့ တန်းဆင်းခဲ့ရမှုရဲ့ နောက်ကွယ်မှာ နည်းပြ ရော်ဂျာအား ထုတ်ပယ်ရန် တုံ့ဆိုင်းနေခဲ့ခြင်းကလည်း တစ်ချက်ပါအဝင်ဖြစ်ကြောင်း ပရိသတ်အချို့ရဲ့ အကြားမှာ သုံးသပ်ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့အပြီးမှာ တန်းဆင်းဇုန်အတွင်း ဝင်ရောက်ခဲ့ရတာကြောင့် နည်းပြ ရော်ဂျာကို ထုတ်ပယ်ပြီး လက်ထောက်နည်းပြ အဒမ်ဆက်ဒလာကို ကိုင်တွယ်စေခဲ့ရာမှာ ပွဲစဉ် ၂ပွဲလုံးကို ထပ်မံအရေးနိမ့်ခဲ့ပါတယ်။ ဝါရင့်နည်းပြ ရော်ဂျာကို ရာထူးမှ ထုတ်ပယ်အပြီးမှာ လိဒ်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့နည်းပြ ဂျက်ဆီမက်ခ်ကို ၃နှစ်စာချူပ်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံသား နည်းပြ က လက်မခံခဲ့တာကြောင့် ယာယီနည်းပြ အဖြစ် ပရီးမီးယားလိဂ် အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြ ဒီးန်စမစ်ကို ခန့်အပ်ခဲ့ရပြီး နည်းပြ စမစ်ရဲ့ လက်ထက်တွင် ၄ပွဲကိုင်တွယ်ရာမှာ ၁ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲအရေးနိမ့်ကာ ရမှတ် ၅မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး တန်းတင်ကျန်ရစ်ရန် နီးစပ်တဲ့ အနေအထားကို ဖော်ဆောင်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အလယ်အလတ်အသင်းဖြစ်တဲ့ ဖူလ်ဟမ်ကို 5-3 ဖြင့် ရှုံးပြီးနောက် ဂျိမ်းမက်ဒီဆင်က အသင်းဖော်များ၏ နိုင်ပွဲဆာလောင်မှုကို မေးခွန်းထုတ်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပြီး ပရိတ်သတ်တွေကလည်း လက်စတာကစားသမားတွေအနေဖြင့် ကလပ်ရဲ့ ဂျာစီဝတ်ရန် ထိုက်တန်မှု မရှိတဲ့အကြောင်း ဆန္ဒပြ အော်ဟစ်ပြောဆိုခဲ့ကြ ပါတယ်။ လီဗာပူးနဲ့ အိမ်ကွင်းမှာ 3-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပရိတ်သတ်တွေအနေဖြင့် စောစီးစွာ ကွင်းအတွင်းမှာ ထွက်ခွာခဲ့ကြတဲ့ အထိ ဆန္ဒပြခဲ့ကြပါတယ်။

ဝါရင့်အသင်းခေါင်းဆောင် ရှမိုက်ကယ်ရဲ့ ထွက်ခွာမှုအပေါ် ဖြည့်တင်းမှု ပျက်ကွက်ခြင်း
လက်စတာအသင်းရဲ့ ပုံရိပ်ကစာသမားတစ်ဦးလို့ ဆိုရမယ့် ဝါရင့်ဂိုးသမား ကက်စ်ပါရှမိုက်ကယ်က ရာသီကြိုအပြောင်းရွှေ့ကာလအတွင်းမှာ လီဂူးဝမ်းကလပ် နိုက်စ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒိန်းမက်ဝါရင့်ဂိုးသမားက မြေခွေးတွေနဲ့အတူ ၁၁နှစ်ကြာကာလအတွင်းမှာ ၄၇၉ပွဲအထိ ပါဝင်ကစားပေးပြီး လက်စတာအသင်းရဲ့ ဂိုးပေါက်မှာ အဆင့်တန်းမြင့်မားတဲ့ ဂိုးပေါက် ကာကွယ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ကာ ကလပ်အသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အပြင် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။
လက်စတာအသင်းက ဝါရင့်ဂိုးသမား ရှမိုက်ကယ်ရဲ့ ထွက်ခွာမှုဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပေမဲ့ အခြားထိပ်တန်း ဂိုးသမား တစ်ဦးကို အစားထိုး ခေါ်ယူထားခဲ့ခြင်းမရှိဘဲ ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

တန်းဖိုးမြှင့်ကစားသမားအစုအဖွဲ့နဲ့ တန်းဆင်းရမယ့် လက်စတာစီးတီး
လက်စတာ အသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ ရှမိုက်ကယ်၊ ဝက်စ်လေဖိုဖာနာတို့ရဲ့ ကလပ်အသင်းပြောင်းရွှေ့ကစားခဲ့ရာမှာ ထိပ်တန်းကစားသမားတွေ ထပ်မံခေါ်ယူ အစာထိုးတာမျိုး မလုပ်ခဲ့ပေမဲ့ အရည်သွေးမြင့်မားတဲ့ ကစားသမားစာရင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေရဲ့ ကာလရှည်ပြစ်မှတ် လက်စတာစီးတီးအသင်းရဲ့ ရတနာတစ်ပွင့်အဖြစ် ထိန်းသိမ်းခံထားရတဲ့ ဂျိမ်းမက်ဒီဆင်လို တန်ဖိုးမြင့်ကစားသမားတွေရှိနေတဲ့ အပြင် လျှင်မြန်သွက်လက်တဲ့ ကစားပုံနဲ့ သွင်းဂိုးတွေ သွင်းယူ၊ ဖန်တီးနိုင်စွမ်းရှိတဲ့ တောင်ပံကစားသမား ဟာဗေးဘန်းစ်တစ်ဦးတည်းဖြင့်ပင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ခန့်ရှိတာကြောင့် ယခုနှစ် ဥရောပ ထိပ်တန်းလိဂ် ၅ခုအတွင်း တန်းဆင်းခဲ့ရတဲ့ အသင်းများတွင် ကစားသမားအင်အားတောင့်တင်းပြီး ဈေးကွက်တန်ကြေး အမြ့င့်မားဆုံးအသင်းအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။