လက်စတာအသင်းကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချရန် King Power အုပ်စု စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်
၂၀၁၀ ပြည့်နှစ်ကတည်းက လက်စတာစီးတီးအသင်းကို ပိုင်ဆိုင်လာခဲ့တဲ့ King Power အုပ်စုက အခုတော့ အင်္ဂလန်တတိယတန်းလိဂ်(League One)ဆီ ရောက်ရှိနေတဲ့အသင်းကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချသွားဖို့ ကြိုးစားနေတယ်လို့ BBC ရဲ့ ကြာသပတေးနေ့သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အားလုံးအံ့အားသင့်သွားလောက်အောင် ရယူပြနိုင်ခဲ့တဲ့ လက်စတာအသင်းက ယမန်နှစ်ဘောလုံးရာသီ၊ ချန်ပီယံရှစ်ပြိုင်ပွဲမှာ တန်းဆင်းဇုန်အန္တရာယ်လွတ်မြောက်အောင် မရုန်းထွက်နိုင်လို့ လိဂ်ဝမ်းဆီ ရောက်ရှိသွားပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် King Power အုပ်စုတည်ထောင်သူ ဗီချိုင်းက လက်စတာအသင်းရဲ့ ဂျာစီအင်္ကျီစပွန်ဆာအဖြစ် ပါဝင်လာပြီးနောက် မီလန်မန်ဒါရစ်ဆီမှ အသင်းကို ဝယ်ယူခဲ့ပါတယ်။ ၁၈၈၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လက်စတာအသင်းက ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ဆီ တက်လှမ်းနိုင်ခဲ့ပြီး နှစ်နှစ်အကြာမှာတော့ သမိုင်းဝင်အင်္ဂလန်ထိပ်တန်းလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် အက်ဖ်အေဖလားချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အသင်းပိုင်ရှင်ဗီချိုင်းကတော့ ၂၀၁၈ ခုနှစ်၊ ရဟတ်ယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သွားခဲ့ပါတယ်။ လက်စတာအသင်းက မကြာသေးခင်နှစ်တွေအတွင်း ငွေရေးကြေးရေးပိုင်း စီမံခန့်ခွဲမှုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့သလို ကွင်းတွင်းရလဒ်တွေလည်း ဆိုးရွားကာ ဆက်တိုက်တန်းဆင်းနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း EFL ရဲ့ အသုံးစရိတ်ဆိုင်ရာစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့မှုကြောင့် ခြောက်မှတ်လျှော့ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။