The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်ကို စတင်တာဝန်ယူချိန် လှောင်ပြောင်သံတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ပိုချက်တီနို

မော်ရစ်စီယို ပိုချက်တီနိုက မန်ချက်စတာယူနိုက်တက်ကို အောင်မြင်မှုရွှေခေတ်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၅၄ နှစ်အရွယ်နည်းပြက မန်ချက်စတာယူနိုက်တက်ကို ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့အောင်မြင်မှုရွှေခေတ်ဆီ ပြန်လည်ရောက်ရှိစေဖို့ တာဝန်ပေးအပ်ခံရတဲ့ နောက်ဆုံးနည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ဟေတီကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ပိုချက်တီနိုက ကလပ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ဆီ ရောက်ရှိလာခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာ အမေရိကန်နဲ့ မန်စီးတီးကွင်းလယ်လူဟောင်းဒါမာကပ်စ်ဘီစလေက ပိုချက်တီနိုကို "မန်ချက်စတာဆိုတာ အပြာရောင်ပါ၊ အမြဲတမ်းလည်း အပြာရောင်ပဲ ဖြစ်နေပါလိမ့်မယ်" လို့ စကားနာထိုး ပြောဆိုခဲ့ပါတယ်။

အဲဒီပြောကြားချက်အပေါ် ပိုချက်တီနိုက "ခင်ဗျား စောင့်ကြည့်လိုက်ပါ။ ကျွန်တော့်ကို အချိန်ပေးပါ" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"ကြီးမားတဲ့ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ခင်ဗျား ခံစားချင်တဲ့ စိတ်လှုပ်ရှားမှုမျိုးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့ လက်တွေ့ကျကျ ဆင်ခြင်တုံတရားတွေကို ပေါင်းထည့်ရပါမယ်"

"လက်ရှိအခြေအနေက မန်ချက်စတာယူနိုက်တက်လို ကလပ်အသင်းမျိုးနဲ့ မထိုက်တန်တဲ့ အခြေအနေတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိထားသလို ပရိသတ်အင်အားကလည်း တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်"

"လူတိုင်းဆီမှသင်ယူလေ့လာရမယ့် စိတ်ထားမျိုး ရှိဖို့ လိုပါတယ်။ ပွင့်လင်းတဲ့ စိတ်ထားမျိုး ရှိရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေက ကျွန်တော်တို့ကို နေ့တိုင်း သင်ကြားပေးနိုင်တယ်လို့ ထင်သလို အခုဆိုရင် ကျွန်တော်တို့က အများကြီး ပိုကောင်းတဲ့ နည်းပြအဖွဲ့တစ်ခု ဖြစ်နေပါပြီ"

"ဘောလုံးဆိုတာ စိတ်သဘောထားနဲ့ သက်ဆိုင်သလို ချဉ်းကပ်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ ချိတ်ဆက်မှု၊ စိတ်ခံစားမှုနဲ့ အချင်းချင်းပြောဆိုဆက်ဆံမှုတွေနဲ့ သက်ဆိုင်ပါတယ်" လို့ အာဂျင်တီးနားသားက ပြောပါတယ်။

ယူနိုက်တက်က တော့တင်ဟမ်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ရောက်ရှိလာတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ ပိုချက်တီနိုက "ဒီမှာ ရှိနေရလို့ ကျွန်တော် အရမ်း ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဒီလို အံ့သြဖွယ် ကလပ်အသင်းမှာ ရှိနေရတယ်ဆိုတာ ဂုဏ်ယူစရာဖြစ်သလို အခွင့်ထူးတစ်ရပ်လည်း ဖြစ်ပါတယ်။ အလုပ်စတင်ဖို့အတွက် ကျွန်တော် တကယ်ကို မျှော်လင့်နေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၂ ရက်)မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ယူနိုက်တက်က အမှတ်ပေးဇယားအဆင့် ၁၈ နေရာနဲ့အတူ တန်းဆင်းဇုန်မှာ ကျရောက်နေပါတယ်။