ဂျာမနီလက်ရွေးစင်အသင်း ပြန်လည်တည်ဆောက်နေချိန် စိတ်ရှည်သည်းခံပေးကြဖို့ ယာဂန်ကလော့ပ် တောင်းဆို
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယာဂန်ကလော့ပ်က သူ့ရဲ့အသင်းလူစာရင်းမှာ ပါရမီအရည်အသွေးပိုင်း လိုအပ်ချက်ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကြာသပတေးနေ့မှာ ပယ်ချလိုက်ပေမဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း အဓိကပြိုင်ပွဲကြီးတွေမှာ ရလဒ်ပိုင်းဆိုးရွားခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံလေးကြိမ်ဆုရှင်အသင်းကို တိုးတက်လာအောင် လုပ်ဆောင်ဖို့အတွက် အချိန်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် ယာဂန်ကလော့ပ်က နာဂယ်စ်မန်းရဲ့နေရာကို အစားထိုးတာဝန်ယူကာ ဂျာမနီလက်ရွေးစင်အသင်းနည်းပြသစ် ဖြစ်လာခဲ့ပါတယ်။
ဒါက ၂၀၁၈ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်မှာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ဂျာမနီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်ဆက်စောစောစီးနှုတ်ဆက်ထွက်ခွာရမှုလည်း ဖြစ်ပါတယ်။
ဆားဘီးယားနဲ့ရင်ဆိုင်ရမယ့် သောကြာနေ့နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် ဘဲလ်ဂရိတ်မြို့ဆီ ရောက်ရှိနေချိန် ယာဂန်ကလော့ပ်က ကစားသမားတွေရဲ့ အရည်အချင်းအပေါ် ယုံကြည်မှုရှိသလို ကစားသမားတွေ အတူပေါင်းစပ်ကစားနိုင်ဖို့ အချိန်လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ် ကလော့ပ်က "ကစားသမားကောင်းတွေ၊ ထိပ်တန်းပါရမီရှင်တွေ၊ ကမ္ဘာ့အဆင့် ကစားသမားတွေ အပါအဝင် ဂျာမန်ဘောလုံးလောကရဲ့ နေရာကဏ္ဍအတော်များများမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ မကြာခဏ ပြောဆိုလေ့ရှိကြပါတယ်"
"ဒါပေမဲ့ ဒီအသင်းအပေါ် ကျွန်တော့်မှာ အလွန်အပြုသဘောဆောင်တဲ့ အမြင်ရှိပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ဆီမှာ အရမ်းကောင်းတဲ့ကစားသမားပေါင်းစပ်မှု ရှိနေပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်က နုံအတဲ့သူ သို့မဟုတ် အရာအားလုံးကို အကောင်းချည်း မြင်နေတဲ့သူမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အခြေအနေ တကယ်ကို ကောင်းမွန်နေကြပါတယ်။ ဒါကို မြင်သာထင်သာရှိအောင်နဲ့ ကွင်းတွင်းမှာ လက်တွေ့ဖော်ပြနိုင်ဖို့ပဲ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
လီဗာပူးနည်းပြဟောင်းက အန်းဖီးလ်မှာစတင်တာဝန်ယူချိန် ပြိုလဲနေတဲ့ အင်္ဂလန်ထိပ်သီးကလပ်ကို ယခင်အောင်မြင်မှုအဆင့်အတန်းတွေဆီ ပြန်လည်ရောက်ရှိစေဖို့အတွက် အားလုံးကို "သံသယရှိသူတွေမှ ယုံကြည်သူတွေအဖြစ်" ပြောင်းလဲနိုင်ဖို့ အချိန်လိုအပ်တယ်လို့ တောင်းဆိုခဲ့ဖူးပါတယ်။
ကြာသပတေးနေ့မှာ ကလော့ပ်က "ကျွန်တော့်ကိုယ်ကျွန်တော် အချိန်ပေးရပါမယ်။ ဒါပေမဲ့ ဒါကို ပရိသတ်တွေ သဘောကျမလားဆိုတာကတော့ ကျွန်တော် ထိန်းချုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး"
"ကျွန်တော်တို့တွေ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ပန်းတိုင်ရောက်ဖို့ အဝေးကြီးလိုသေးတာ မှန်ပေမဲ့ အခြေခံအုတ်မြစ်တော့ တကယ်ကို ကောင်းမွန်ပါတယ်" လို့ ပြောပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ခြေစွမ်းပိုမိုပြသလာနိုင်တဲ့ လီဗာပူးကွင်းလယ်လူ ဖလော်ရီယန်ဝစ်ဇ်ကိုလည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။
"ဖလော်ရီယန်ဝစ်ဇ်မှာ ထိပ်တန်းပုံစံမျိုး ရှိနေပါပြီ။ သူက ကျွန်တော်တို့အတွက် အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ နွေရာသီကာလမှာ ပြောင်းရွှေ့ကြေးအလုံးအရင်းဖြင့် လီဗာပူးဆီ ရောက်ရှိလာပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖလော်ရီယန်ဝစ်ဇ်က အန်ဖီးလ်ပဲ့ကိုင်ရှင်သစ် အီရာအိုလာလက်အောက်မှာ ပိုမိုတိုးတက်လာခဲ့ပါတယ်။
သူက ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲမှာ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ထားသလို ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာလည်း သူ့ရဲ့အခုဘောလုံးရာသီ ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူခဲ့ပါတယ်။
လေဗာကူဆင်ကစားသမားဟောင်းက အသက် ၂၃ နှစ်သာ ရှိသေးပေမဲ့ လာမယ့် တနင်္လာနေ့၊ ဘာလင်မြေပွဲစဉ်မှာ ဂျာမနီအတွက် ပွဲ ၅၀ ပြည့်ကို ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။
ကလော့ပ်ရဲ့လက်အောက်မှာ အသင်းရဲ့အခြေအနေ တိုးတက်လာနေတယ်လို့ ဖလော်ရီယန်ဝစ်ဇ် ယုံကြည်နေပြီး ဒီလူငယ်အသင်းမှာ ပိုမိုကြီးမားတဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က "ကျွန်တော်တို့ ပိုပြီးစည်းလုံးညီညွတ်လာသလို လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပိုပြီးခိုင်မာအောင် လုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ စိတ်ဆန္ဒ၊ ယုံကြည်ချက်နဲ့ စိတ်အားထက်သန်မှုတွေကို ကွင်းတွင်းဆီ ယူဆောင်လာနိုင်ဖို့ပဲ အဓိကလိုအပ်ပါတယ်" လို့ ကြာသပေးနေ့မှာ ပြောပါတယ်။