ပရိသတ်တွေတောင်းဆိုနေကြတဲ့ အက်စ်တီဗာအိုရဲ့ပွဲကစားခွင့်အတွက် ယုံကြည်မှုထားရှိပေးဖို့ လိုအပ်တယ်လို့ အလွန်ဆို တုံ့ပြန်လာ
အခုဘောလုံးရာသီ၊ အက်စ်တီဗာအိုအတွက် ပွဲကစားချိန်မိနစ်နည်းပါးနေမှုနဲ့ပတ်သက်လို့ ချဲလ်ဆီးနည်းပြအလွန်ဆိုက ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့၊ လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာလာပြီးနောက် ချဲလ်ဆီးက ပြီးခဲ့တဲ့သီတင်းပတ်၊ တော့တင်ဟမ်ကို ရှုံးနိမ့်ထားမှုနဲ့အတူ ပြိုင်ပွဲစုံနောက်ဆုံးနှစ်ပွဲဆက် ရလဒ်ဆိုးရွားခဲ့ပါတယ်။
လီဗာပူးကစားသမားအဖြစ် ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ဖူးတဲ့ အလွန်ဆိုက မာဆေးဆိုဒ်မှာ ချဲလ်ဆီးအတွက် လူစားလဲလှယ်မှုလေးခု ပြုလုပ်ခဲ့ရာ အသင်းရဲ့တိုက်စစ်ပိုင်း ရုန်းကန်နေရချိန်မှာတောင် အရန်ခုံဆက်ထိုင်နေရတဲ့ အက်စ်တီဗာအို မပါဝင်လာခဲ့ပါဘူး။
သူ့ရဲ့အမြန်နှုန်းနဲ့ ဘောလုံးသယ်ဆောင်နိုင်စွမ်းတွေက ဘယ်တိုက်စစ်ကိုမဆို အသက်ဝင်စေနိုင်လို့ ဘရာဇီးတောင်ပံကစားသမားကို ပွဲစဉ်ဆီထည့်သွင်းပေးဖို့အတွက် ပရိသတ်တွေကိုယ်တိုင် အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့လည်း အက်စ်တီဗာအိုက အရန်ခုံမှာသာ ဆက်ရှိနေခဲ့ပြီး ချဲလ်ဆီးရဲ့တိုက်စစ်ပိုင်း ရုန်းကန်နေရချိန်မှာတောင် အနောက်လန်ဒန်ကလပ်အသင်းနဲ့အတူ ကစားသမားရဲ့ပွဲချိန်ရရှိမှု နည်းပါးနေတဲ့ အကြောင်းရင်းကို အလွန်ဆိုဆီ မေးမြန်းခဲ့ကြပါတယ်။
"သူ့ရဲ့အခြေအနေကို ကျွန်တော်နားလည်သလို သူ ဒီထက်ပိုပြီး ပျော်ရွှင်နိုင်တယ်ဆိုတာ သေချာပါတယ်။ ကစားသမားတိုင်း ကစားချင်ကြသလို အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ကြပါတယ်။ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းပွဲစဉ်တချို့ ကစားခဲ့ရပြီး အရာအားလုံးအတွက် သင့်တော်တဲ့ အချိန်အခိုက်အတန့်တွေ ရှိလာပါလိမ့်မယ်။ အက်စ်တီဗာအိုလည်း အခွင့်အရေးတွေ ရရှိလာမယ်ဆိုတာ သေချာပါတယ်။ ဒါက ကျွန်တော့်ရဲ့တာဝန်ဖြစ်ပြီး ကျွန်တော်တို့ ဒါကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းသွားရပါမယ်" လို့ အလွန်ဆိုက ပြောပါတယ်။
တောင်ပံကစားသမားလေးကို ထည့်သွင်းပေးဖို့ အဝေးကွင်းပရိသတ်တွေရဲ့တောင်းဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ချဲလ်ဆီးနည်းပြက "ပရိသတ်တွေက အရာတော်တော်များများကို ပြောဆိုခဲ့ကြတာပါ။ ကျွန်တော်တို့က ရှေ့တန်းမှာ နက်တို၊ ဝဲလ်ဘတ်၊ ရော်ဂျာစ်တို့နဲ့အတူ စတင်ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန်အတွင်း အလွန်အကြိတ်အနယ်ရှိတဲ့ အခိုက်အတန့်တွေ ရှိခဲ့သလို ကြံ့ခိုင်မှုအားပြုယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားခဲ့ပါတယ်"
"အဲဒီနောက် ကိုင်စီဒိုမှာ ပြဿနာတချို့ ရှိခဲ့တာကို ကျွန်တော်တို့ ဖြေရှင်းခဲ့ရသလို ဂတ်စတိုလည်း ကြွက်တက်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူစားလဲမှုတွေကို မဖြစ်မနေ အခြေအနေအရ ပြုလုပ်ခဲ့ရပါတယ်။ အခုဆိုရင် လက်ကျန်ဘောလုံးရာသီ အရှည်ကြီးရှိသေးတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီး လူတိုင်းအတွက် အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်"
"အမှန်ပါပဲ၊ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ကစားဟန်က အရမ်းပြင်းထန်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒီအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ အက်စ်တီဗာအို ကစားခဲ့ဖူးတယ်ဆိုတာ သေချာသလို ဒါက သူ့ရဲ့ဒုတိယမြောက်ဘောလုံးရာသီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ ဒဏ်ရာရရှိခဲ့ပြီး လတ်တလောတော့ အဲ့ဒီလုပ်ငန်းစဉ်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးပါ။ ဘောလုံးရာသီကုန်ဆုံးဖို့ အများကြီးကျန်နေသေးလို့ အက်စ်တီဗာအိုကိုယ်တိုင် သူ့ရဲ့အခန်းကဏ္ဍမှတဆင့် ပါဝင်ကစားသွားလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်" လို့ ဆိုပါတယ်။
အက်စ်တီဗာအိုက ချဲလ်ဆီးအတွက် စုစုပေါင်းကစားချိန် ၁၇၂ မိနစ်နဲ့ ပွဲထွက်ခွင့်နှစ်ကြိမ်သာ ရရှိထားပြီး လာမယ့်သီတင်းပတ်ကုန်၊ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ပယ်လ်မာ ပြန်ပါဝင်လာဖို့ရှိနေလို့ အသင်းလူစာရင်းနဲ့ ပိုမိုဝေးကွာရဦးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။