၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်မှာ ကျင်းပသွားမယ်လို့ စပိန်ဘောလုံးအကြီးအကဲ ထပ်မံပြောကြား
၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်မှာ ကျင်းပသွားမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ ရာဖာအဲလ်လူဇန်က စနေနေ့မှာ ထပ်လောင်း အတည်ပြုပြောကြားခဲ့ပြီး သူ့ရဲ့ အယူအဆ မှားယွင်းသွားရင်တောင် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ဖို့အတွက် မစဉ်းစားထားဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
စပိန်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ မော်ရိုကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားပါလိမ့်မယ်။ ဗိုလ်လုပွဲကျင်းပမယ့် အားကစားကွင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ ၂၀၂၈ ခုနှစ်မှာ ဆုံးဖြတ်သွားလိမ့်မယ်လို့ လူဇန်က ပြောပါတယ်။
စပိန်ကတော့ ဗိုလ်လုပွဲအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ဆန်တီယာဂိုဘာနေဗျူးကွင်းကို အဓိက ရွေးချယ်ထားပါတယ်။ ပေါ်တူဂီမှာ ဗိုလ်လုပွဲအတွက် သင့်တော်တဲ့ အားကစားကွင်း မရှိပေမဲ့ မော်ရိုကိုကတော့ ကာဆာဘလန်ကာမြို့အနီး ဘန်စလီမန်းမှာ တည်ဆောက်နေတဲ့ ပရိသတ် ၁၁၅,၀၀၀ ဝင်ဆံ့မယ့် Hassan II အားကစားကွင်းကို အဆိုပြုထားပါတယ်။
မက်ဒရစ်မြို့အစွန်ရှိ RFEF ရဲ့ Ciudad del Futbol မှာ ကျင်းပတဲ့ ညီလာခံတစ်ခုမှာ လူဇန်က "ဗိုလ်လုပွဲကို စပိန်မှာ ကျင်းပဖို့မှလွဲလို့ တခြား အစီအစဉ် မရှိပါဘူး" လို့ ပြောပါတယ်။
"စပိန်က ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့် မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုး လုံးဝဖြစ်မလာနိုင်လို့ အိမ်ရှင်အဖြစ်မှ နုတ်ထွက်နိုင်ခြေကို လောလောဆယ်မှာ မစဉ်းစားထာပါဘူး" လို့ သူက ဆိုပါတယ်။
ဒါက လက်ယာယိမ်းပြည်သူ့ပါတီခေါင်းဆောင် အယ်လ်ဘာတိုနူးနူက်ဇ်ဖေဟိုရဲ့ ပြောကြားချက်ကို လူဇန်ရဲ့တုံ့ပြန်ပြောဆိုမှု ဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက်၊ ရုပ်သံအင်တာဗျူးတစ်ခုမှာ ဖေဟိုက တကယ်လို့ နိုဝင်ဘာ ၂၉ ရက် အထွေထွေရွေးကောက်ပွဲမှာ သူသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် မော်ရိုကိုရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်ခံကျင်းပခွင့်အိပ်မက် အမှန်တကယ်ဖြစ်ပေါ်လာပါက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် စပိန်ရဲ့လျှောက်လွှာတင်သွင်းထားမှုကို ပြန်လည်ရုပ်သိမ်းဖို့ တိုက်တွန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်လို့ လုံးဝ စိတ်ကူးယဉ် သဘောထားတစ်ခုသာ ဖြစ်တယ်လို့ လူဇန်က ပြောပါတယ်။
"ဒီလိုအယူအဆမျိုး လုံးဝမရှိပါဘူး" လို့ ပြောကြားခဲ့ပြီး ကမ္ဘာ့ဖလားကို အလှည့်ကျကျင်းပတဲ့ ဖီဖာရဲ့အစဉ်အလာအရ ဗိုလ်လုပွဲကျင်းပခွင့်ကို "ဥရောပတိုက်နဲ့သာ သက်ဆိုင်ပါတယ်" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖီဖာရဲ့နည်းပညာဆိုင်ရာကျွမ်းကျင်သူကိုယ်စားလှယ်အဖွဲ့က ပြိုင်ပွဲကာလအတွင်း ပွဲစဉ်တွေ လက်ခံကျင်းပဖို့ မျှော်လင့်ထားတဲ့ စပိန်ရဲ့အားကစားကွင်းတွေကို လာရောက်လေ့လာ ကြည့်ရှုခဲ့ကြတယ်လို့လည်း လူဇန်က ပြောကြားသွားခဲ့ပါတယ်။