နေးရှင်းလိဂ်အုပ်စုပိတ်ပွဲစဉ်တွေကို လွဲချော်တော့မယ့် ဗန်ဒိုက်နဲ့ ဘရော့ဘီ
လာမယ့်သီတင်းပတ်အတွင်း ကစားမယ့် နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်နှစ်ခုအတွက် နယ်သာလန်အသင်းခေါင်းဆောင်ဗန်ဒိုက်နဲ့ တိုက်စစ်မှူးဘရော့ဘီတို့ အသင်းလူစာရင်းမှ နုတ်ထွက်သွားကြတယ်လို့ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ရဲ့ တနင်္လာနေ့ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ပွဲစဉ်မှာ ဗန်ဒိုက် ပါဝင်ကစားခဲ့ပြီး အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်ပြည့် ပါဝင်ကစားထားတဲ့ သူ့ရဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းခဲ့ပေမဲ့ ကစားသမားမှာ ကြံ့ခိုင်မှု မပြည့်၀သေးဘူးလို့ KNVB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလအစောပိုင်းက ဆာဘီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဗန်ဒိုက်က နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ရာပြည့်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့သလို လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးကစားပေးထားတဲ့ ပွဲစဉ်လည်း ဖြစ်နေပြန်ပါတယ်။
ချဲလ်လ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဆန်းဒါးလန်းရဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ တိုက်စစ်မှူး ဘရော့ဘီ ပါဝင်ကစားပေးခဲ့ပေမဲ့ သူလည်း ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ အဖွဲ့ချုပ်ရဲ့ အဆိုအရ သိရပါတယ်။
စက်တင်ဘာလ၊ နေးရှင်းလိဂ်စတင်ချိန် ဂျာမနီနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘရော့ဘီ ပွဲထွက်ကစားခဲ့ပေမဲ့ ပွဲချိန်နာရီဝက်ကျော်မှာတင် ဒဏ်ရာကြောင့် ကွင်းပြင်ထွက်ခဲ့ရပြီး အဲဒီနောက်ပိုင်း ဆာဘီးယားနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်နှစ်ခု၊ ဂရိနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်တစ်ခုတို့ကို လွဲချော်ခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားခေါ်ယူခဲ့ခြင်း မရှိလို့ နယ်သာလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ကစားသမား ၂၃ ဦးသာ ကျန်ရှိပါလိမ့်မယ်။
နယ်သာလန်အသင်းက သောကြာနေ့၊ အမ်စတာဒမ်မြို့မှာ ဂရိကို ဧည့်ခံကစားပြီးနောက် တနင်္လာနေ့မှာတော့ ဂျာမနီနဲ့ရင်ဆိုင်ဖို့ ဘာလင်မြို့ဆီ ခရီးဆက်သွားပါလိမ့်မယ်။