ဘာစီလိုနာနဲ့ သတင်းတွေထွက်ပေါ်နေမှုကို တော့တင်ဟမ်နောက်ခံလူ ပေါ်ရို တုံ့ပြန်လာ
ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေမှုကို တော့တင်ဟမ်နောက်ခံလူပေါ်ရို နှုတ်ဆိတ်မနေတော့ဘဲ စတင်ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း စပို့တင်းမှ အငှားဖြင့် စတင်ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၁၅၉ ပွဲအထိ ပါဝင်ကစားပေးထားကာ တော့တင်ဟမ်အတွက် မရှိမဖြစ်အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပေါ်ရိုက ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ထူးချွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး အဲဒီအချိန်ကတည်းက စပိန်မြေဆီ (အထူးသဖြင့် ဘာစီလိုနာဆီ) ပြန်လည်ပြောင်းရွှေ့မယ့် သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။
အခုတော့ စပိန်လက်ရွေးစင်တာဝန်ကို ပြန်လည်ထမ်းဆောင်နေချိန် ဒီသတင်းတွေနဲ့ပတ်သက်လို့ ချီးကျူးမှုတစ်ခုသာ ဖြစ်တယ်လို့ ပေါ်ရိုက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
SPORT သတင်းဌာနဆီ ပေါ်ရိုက "ဟုတ်ပါတယ်၊ ဒါက ချီးကျူးမှုတစ်ခုဆိုတာ သေချာပါတယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေအနက် တစ်ခုဖြစ်တဲ့ ကလပ်အသင်းရဲ့ စိတ်ဝင်စားမှု ရှိနေတယ်ဆိုရင်၊ အနည်းဆုံး အဲဒီလို ပြောနေကြတယ်ဆိုရင် ဒါက အမြဲတမ်း ကောင်းမွန်တဲ့ အချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နေတယ်ဆိုတာ သေချာပေါက် သက်သေပြနေလို့ပါ။ ကျွန်တော် ဒီလမ်းကြောင်းအတိုင်းပဲ ဆက်လက်ကြိုးစားသွားရပါမယ်" လို့ ပြောပါတယ်။
ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာရဲ့စိတ်ဝင်စားမှု ပြင်းထန်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကိုလည်း ပေါ်ရိုက "ဒါကို ကျွန်တော် မတွေ့မိခဲ့ပါဘူး။ ဒါလည်း သူ့ဘက်က ချီးကျူးမှုတစ်ခု ဖြစ်ပါတယ်"
"အရင် ကျွန်တော်ပြောခဲ့သလိုပဲ၊ ကိုယ့်ရဲ့မိခင်ကလပ်အသင်းမဟုတ်တဲ့ တခြားကလပ်အသင်းတစ်ခုရဲ့ဥက္ကဋ္ဌက ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို တန်ဖိုးထားပေးတယ်ဆိုတာ ကောင်းပါတယ်။ ဒါက ကျွန်တော် ကောင်းကောင်းလုပ်ဆောင်နေတယ်ဆိုတာကို သေချာပေါက် ပြသနေပါတယ်" လို့ ဆိုပါတယ်။
ပေါ်ရိုက ပြီးခဲ့တဲ့ရာသီမှာ ၂၀၃၁ ခုနှစ်၊ နွေရာသီကာလအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို တော့တင်ဟမ်နဲ့အတူ ချုပ်ဆိုခဲ့ပါတယ်။