လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးဖို့ကိစ္စ နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ သူ့ရဲ့လက်ရှိစာချုပ်သက်တမ်း ပြည့်မြောက်ဖို့ ရှိနေပေမဲ့ သူ့ရဲ့အန်ဖီးလ်အနာဂတ်နဲ့ပတ်သက်လို့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ရှိနေပါတယ်။
အသက် ၃၅ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပါဝင်ကစားထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လေးပွဲကစား၊ သုံးပွဲအထိ ပွဲထွက်ပါဝင်ထားလို့ အီရာအိုလာလက်အောက် အသင်းအတွက် အရေးပါသူတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
ဒါပေမဲ့လည်း ကြံ့ခိုင်မှုဆိုင်ရာပြဿနာကြောင့် ဝါရင့်နောက်ခံလူက ဂရိ၊ ဂျာမနီတို့နဲ့ရင်ဆိုင်ရမယ့် နယ်သာလန်ရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေကိုတော့ လွဲချော်ခဲ့ပါပြီ။
မာဆေးဆိုဒ်မှာ နောက်ထပ်တစ်နှစ်ဆက်နေဖို့ ဆန္ဒရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ဆွေးနွေးနေပေမဲ့ ကလပ်အသင်းဘက်မှာတော့ ဒီအခြေအနေအပေါ် ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးဆိုတဲ့သဘောမျိုး ဆောက်သမ်တန်ကြယ်ပွင့်ဟောင်းက အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
ဗန်ဒိုက်က "ကျွန်တော် အခြေအနေ ကောင်းပါတယ်၊ ဒါပေမဲ့ လောလောဆယ် ဒါက ကျွန်တော်နဲ့ မပတ်သက်သေးပါဘူး။ စောင့်ကြည့်သွားရပါမယ်"
"ကျွန်တော့်အတွက် စိုးရိမ်ထိတ်လန့်စရာ ဘာမှမရှိပါဘူး။ ကျွန်တော် ဆက်ကစားချင်ပါတယ်။ အခုလုပ်နေတဲ့အရာတွေကို ဆက်လုပ်ချင်ပါတယ်။ ဒီရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်"
"အခုအချိန်အထိ ကျွန်တော်ကိုယ်တိုင်လည်း အံ့အားသင့်ဖွယ် အချိန်ကာလတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ တကယ်လို့ စာချုပ်သက်တ်းတိုးဖြစ်မယ်ဆိုရင်လည်း တိုးလိုက်တာပေါ့။ မတိုးဖြစ်ဘူးဆိုရင်လည်း တခြားနေရာတစ်ခုဆီ ကျွန်တော် သွားရပါလိမ့်မယ်"
"လောလောဆယ် ပြောပြစရာ ဘာသတင်းမှ မရှိသေးပေမဲ့ ဒါက စိတ်ဖိစီးနေတာမျိုး သို့မဟုတ် တစ်ခုခု ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး"
"စိတ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရတော့ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ဒဏ်ရာအသေးစားတစ်ခုနဲ့ ရုန်းကန်နေရပေမဲ့ ကွင်းထဲမှာ ကစားနိုင်ဖို့အတွက် ကျွန်တော့်အစွမ်းရှိသမျှ အရာအားလုံးကို လုပ်ဆောင်နေပါတယ်"
"ရာသီက တည်ဆောက်ဆဲ ကာလမှာပဲ ရှိနေပါသေးတယ်။ တချို့ပွဲစဉ်တွေမှာ ကျွန်တော်တို့ ဒီထက် အများကြီးပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပေမဲ့ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ပြီးတော့ တချို့ပွဲစဉ်တွေမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပါတယ်။ အောင်မြင်မှုရရှိဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့ ခြေစွမ်းတည်ငြိမ်မှုရရှိအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ ပြောပါတယ်။