ပိုချက်တီနိုကို မန်ချက်စတာယူနိုက်တက်ရဲ့ ယာဂန်ကလော့ပ် ဖြစ်လာနိုင်တယ်လို့ ရှနိုက်ဒါလင် ပြောဆို
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း မော်ဂန်ရှနိုက်ဒါလင်က သရဲနီတွေဆီ ရောက်ရှိလာဖွယ်ရှိတဲ့ ပိုချက်တီနိုရဲ့အခြေအနေနဲ့ပတ်သက်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
လာမယ့်သီတင်းပတ်၊ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ယူနိုက်တက်က မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးဖို့ ကြိုးပမ်းနေပြီး တော့တင်ဟမ်၊ ချဲလ်ဆီးနည်းပြဟောင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အမေရိကန်လက်ရွေးစင်အသင်းမှ ပိုချက်တီနို ထွက်ခွာနိုင်ဖို့အတွက် ယူနိုက်တက်က စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇ သန်းဝန်းကျင် ပေးချေရဖို့ရှိနေပြီး ငွေကြေးသုံးစွဲကာ အာဂျင်တီးနားသားကို ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ComeOn နဲ့ ဆွေးနွေးခန်းမှာတော့ ရှနိုက်ဒါလင်က လီဗာပူးအတွက် အောင်မြင်မှုတွေ အများကြီးရယူပေးခဲ့တဲ့ ပြိုင်ဘက်နည်းပြဟောင်းယာဂန်ကလော့ပ်လိုပဲ မန်ချက်စတာမြို့မှာ ပိုချက်တီနို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
"သူကစားစေချင်တဲ့ ပုံစံ၊ သူ့ရဲ့စရိုက်လက္ခဏာနဲ့ အရာအားလုံးအရတော့ ဟုတ်ပါတယ်၊ ယာဂန်ကလော့ပ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှိုင်းယှဉ်လို့ ရပါတယ်" လို့ ရှနိုက်ဒါလင်က ပြောပါတယ်။
"လီဗာပူးဆီ ကလော့ပ် စရောက်လာချိန် ကလပ်အသင်းအတွက် စစ်မှန်တဲ့ တည်ငြိမ်မှု ယူဆောင်ပေးနိုင်မယ့် ဗန်ဒိုက်အပါအဝင် အဓိကကစားသမားနှစ်ဦး၊ သုံးဦးလောက်ကို ခေါ်ယူခဲ့ပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက်ရဲ့အခြေခံအုတ်မြစ်အတွက် ပိုချက်တီနိုလုပ်ဆောင်ရမယ့် အရာပါပဲ"
"ဒါ့အပြင် သူက ကစားသမားတွေနဲ့ အရမ်းရင်းနှီးတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ မိုက်ကယ်ကာရစ်လည်း အဲဒီလိုပဲ ဖြစ်ခဲ့တယ်လို့ ထင်ပေမဲ့ ပိုချက်တီနိုက ကစားသမားတွေရဲ့ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မယ့် အသေးစိတ်အချက်အလက်အမူအရာလေးတွေမှာ အလွန်တော်ပါတယ်။ အဲ့ဒါက လက်ရှိယူနိုက်တက်အတွက် လိုအပ်နေတဲ့ အရာပါပဲ"
"မကြာသေးမီက မန်ချက်စတာယူနိုက်တက်ရဲ့ခြေစွမ်းတွေကို ကြည့်မယ်ဆိုရင် ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာ မဟုတ်ဘူးဆိုတာ မြင်နိုင်ပါတယ်။ သူတို့ ရှုံးနိမ့်နေချိန်မှာ ပွဲထဲ ပြန်ရောက်လာအောင် လုပ်နိုင်ခဲ့ကြသလို တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဖိအားတွေကို နည်းနည်းလောက် လျှော့ချပေးပြီး မေတ္တာတရားထားပြနိုင်မယ့်သူတစ်ဦးပဲ လိုအပ်နေပါတယ်။ ကာရစ်ဆီမှ ဒီလိုမေတ္တာတရားမျိုး သူတို့ ရရှိခဲ့ကြတယ်ဆိုတာ ကျွန်တော် အာမခံပါတယ်"
"ဒါက အထက်မှ အောက်ခြေအထိ ဖြေရှင်းရမယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။ အရာအားလုံးကို ချက်ချင်းပြောင်းလဲပစ်နိုင်မယ့် မှော်စွမ်းအင်မျိုးတော့ ပိုချက်တီနိုမှာ မရှိပေမဲ့ လာမယ့်အပြောင်းအရွှေ့စျေးကွက်အပြင် နောက်ထပ်စျေးကွက်နှစ်ခု၊ သုံးခုလောက်အတွင်းမှာ သူကိုယ်တိုင် ညှိနှိုင်းပြင်ဆင်သွားမယ့် အရာတစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ယူနိုက်တက်က ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲကစားပြီးချိန်၊ တစ်ပွဲသာ အနိုင်ရရှိပြီး တန်းဆင်းဇုန်မှာ ရှိနပါတယ်။ တကယ်လို့ ပိုချက်တီနိုသာ ကလော့ပ်ရဲ့အောင်မြင်မှုတစ်ဝက်လောက်ကို လိုက်မီအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်သွားကြပါလိမ့်မယ်။