လာလီဂါမှာကစားချင်တဲ့ စိတ်ဆန္ဒအကြောင်း ဖွင့်ဟလာတဲ့ အာဆင်နယ်ဂိုးသမား ရာယာ
အမ်းမရိတ်စ်ကွင်းမှာ အောင်မြင်တဲ့ကစားသမားဘဝအချိန်ကာလကို ပိုင်ဆိုင်ဖြတ်သန်းနေရပေမဲ့ ကစားသမားဘဝအနားမယူခင်မှာ လာလီဂါပြိုင်ပွဲဆီ သွားရောက်ယှဉ်ပြိုင်ကစားချင်တယ်လို့ အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဒီစပိန်လက်ရွေးစင်ကစားသမားက အာတီတာရဲ့ နံပါတ်တစ်ဦးစားပေးဂိုးသမားအဖြစ် ဆက်ရှိနေပေမဲ့ သူ့ရဲ့မွေးရပ်မြေနိုင်ငံဆီ ပြန်လည်ပြောင်းရွှေ့ကစားမယ့် အလားအလာကိုတော့ မငြင်းဆန်ထားပါဘူး။
ဘရန့်ဖို့ဒ်မှ အာဆင်နယ်ဆီ ပြောင်းရွှေ့လာပြီးနောက် အသက် ၃၁ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်ရဲ့အတောက်ပဆုံးဂိုးသမားတွေအနက် တစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
"ဟုတ်ပါတယ်၊ ကျွန်တော် တကယ်ကို ကစားချင်ပါတယ်။ လာလီဂါမှာ စမ်းပြီး ကစားကြည့်ချင်ပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော် ဒီမှာအရမ်းပျော်ရွှင်နေပေမဲ့ စပိန်လိဂ်ပြိုင်ပွဲရဲ့အတွေ့အကြုံကိုတော့ သေချာပေါက် ရယူချင်ပါတယ်" လို့ ရာယာက Marca သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
"ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့ လိဂ်တစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ စပိန်ကလပ်အသင်းတစ်ခုခုအတွက် ကစားခွင့် ရလာနိုင်ပါတယ်။ ကျွန်တော်က စပိန်လူမျိုးဖြစ်တာကြောင့် အဲဒီမှာ ကစားချင်တယ်ဆိုတာတော့ သေချာပါတယ်" လို့ ဆက်ပြောပါတယ်။
ရာယာက အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး Clean sheet ၅၂ ကြိမ် ရရှိထားသလို ၈၉ ဂိုးသာ ခွင့်ပြုပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်နဲ့ ကွန်မြူနတီဒိုင်း အောင်ပွဲတွေမှာလည်း သူက အဓိကကျတဲ့အခန်းကဏ္ဍမှတဆင့် ပါဝင်ခဲ့ပါတယ်။